#Local_News
Published_5 August 2022

 

တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းကို အွန်လိုင်းမှတစ်ဆင့်ဖွင့်လှစ်လိုက်ပြီး မြန်မာသင်တန်းသား(၂၀)ဦး တက်ရောက်ကြောင်း သိရသည်၊၊

 

အဆိုပါသင်တန်းကို တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကြီးမှူး၍ ယူနန်နိုင်ငံတကာစီးပွားရေးနည်းပညာကူးလူး ဖလှယ်ရေးစင်တာမှ တာဝန်ခံကျင်းပခဲ့ခြင်းဖြစ်သည်၊၊

 

သင်တန်းဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်၊၊

 

သံမှူး Mr. Tan Shufu က "တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ထိစပ်လျက်ရှိပြီး ယူနန်နှင့် မြန်မာနိုင်ငံသည် နယ်စပ်မျဉ်း ကီလိုမီတာ ၂၀၀၀ ကျော် ရှည်လျားကြောင်း၊ နှစ်ဦးနှစ်ဖက်အကြား နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရန် နယ်ပယ်ကျယ်ပြန့်ကြောင်း၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ခြင်းသည် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်ဆောင်ခြင်းနဲ့ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို ဖော်ညွှန်းသော သက်ဝင်ထင်ရှားသည့် လက်တွေ့ဆောင်ရွက်မှုဖြစ်ကြောင်း၊ တရုတ်-မြန်မာ “Belt and Road” အတူတကွတည်ဆောက်ရေး၊ အပြန်အလှန်ချိတ်ဆက်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုတို့ကို အကောင်အထည်ဖော်ဆောင်ရေး၏ အရေးပါလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသအားသာချက်ကို ဖော်ထုတ်ရန် အထောက်အကူပြု၍ အပြန်အလှန်ချိတ်ဆက်ရန်၊ အပြန်အလှန်မြှင့်တင်ရန် အထောက်အကူပြုကာ ပေါင်းစည်းအကျိုးသက်ရောက်မှုပုံစံ ဖြစ်လာကြောင်း၊ နယ်စပ်ဒေသနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးကြောင်း၊ ဒေသ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တစ်ချိန်တည်းတွင် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုနီးကပ်လာစေရန် အကျိုးပြုပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပေးရန်၊ နှစ်ဦးနှစ်ဖက်ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် နက်ရှိင်းလာစေရန် အထောက်အကူဖြစ်စေကြောင်း" ပြောကြားခဲ့သည်၊၊

 

ယခုအကြိမ် မွမ်းမံသင်တန်းမှာ ၂၁ ရက် ကြာမြင့်မည်ဖြစ်ပြီး သင်ခန်းစာများတွင် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေခံနိယာမများ၊ ပုံစံနှင့် မူဝါဒများ၊ ယူနန်နယ်စပ်တလျှောက် ဘဏ္ဍာရေးနှင့် နယ်စပ်ဖြတ်ကျော် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဖြတ်ကျော် ကုန်စည်ထောက်ပံ့ ပို့ဆောင်မှုအတွင်း ထောက်ပံ့ရေးကွင်းဆက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုပုံစံသစ် စသည့်အကြောင်းအရာ ခေါင်းစဉ်များ ပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်၊၊

ymg/tthl
#Yangon_Media_Group