#LocalNews
Published_28 June 2022

 

ထိုင်းနိုင်ငံသားသေဆုံးမှုတွင် လက်ဗွေရာတွေ့ရှိ၍ ထိန်းသိမ်းစစ်ဆေးခံနေရသည့် မြန်မာနိုင်ငံသားအာမခံရရှိရန် လုပ်ဆောင်ရမည့်အဆင့်ဆင့်အတွက် ငွေကြေးအခက်အခဲ ဖြစ်နေကြောင်း သိရသည်။

 

ထိုင်း-မလေးရှားနယ်စပ်တွင် မေလကုန်ပိုင်းက ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ မလေးရှားသို့ တရားမဝင်သွားရောက်မည့် ရာနှင့်ချီသော မြန်မာနိုင်ငံသားများ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံခဲ့ကြရကြောင်း၊ ယင်းတွင် သံသယရှိသူ မြန်မာနိုင်ငံသားရခိုင်လူမျိုး ၉ ဦးအား စစ်ဆေးခဲ့ရာတွင် ကိုအောင်ကိုဝင်းထံမှ လက်ဗွေတွေ့ရှိသည်ဆိုကာ ထိန်းသိမ်းစစ်ဆေးခံနေရခြင်း ဖြစ်သည်။

 

လက်ဗွေရာကို မလေးရှားသို့သွားရောက် အလုပ်လုပ်ကိုင်မည့် ရခိုင်ပြည်နယ် စစ်တွေမြို့ဇာတိကိုအောင်ကိုဝင်းထံမှ တွေ့ရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အာမခံရရှိနိုင်ရေးအတွက် ရှေ့နေငှားရမ်းမှုများ ပြုလုပ်ရမည်ဖြစ်ရာ ငွေကြေးအခက်အခဲ ဖြစ်နေကြောင်း ယင်း၏ မိသားစုဝင်က YMG ကို ပြောသည်။

 

"ဦးလေးကလည်း လက်သမားလုပ်တာပါ၊ စုဆောင်းထားတာတွေကို ရှိသလောက်ပို့ပေးလိုက်ပြီ။နောက်ထပ် ချေးငှားပေးဖို့ကလည်း မလွယ်ကူကြဘူး၊ နောက်ထပ်ပေးနိုင်မယ့် အခြေအနေမရှိတော့ပါဘူး"ဟု ကိုအောင်ကိုဝင်း၏ ဖခင်ဖြစ်သူက ပြောသည်။

 

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ၏ ဟတ်ယိုင်ရုံးတာဝန်ခံ ကိုသိန်းထွန်းက ဦးဆောင်၍ လိုက်ပါကူညီနေကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group