#LocalNews
Published _ 24 June 2022
နွားနို့သောက်သုံးမှုများလာသည့် ရန်ကုန်မြို့တွင် နွားနို့ထုတ်လုပ်မှုကို အရည်အသွေး ပိုင်းဆိုင်ရာ ထိန်းချုပ်ထုတ်လုပ်မှုထက် အရေအတွက်ကို ဦးစားပေးထုတ်လုပ်လာမှုကြောင့် ရေရှည်တွင် နို့စားနွားမွေးမြူမှု၊ နွားနို့ထုတ်လုပ်မှုနှင့် သောက်သုံးမှုများတွင် အခက်အခဲရှိလာနိုင်သောကြောင့် အနာဂတ်ကို မျှော်မှန်းထုတ်လုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ၁၉၇၈ ခုနှစ် မှစတင်၍ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ပြင်သစ်၊ နယ်သာလန်၊ ဩစတြေးလျနိုင်ငံများမှ ဖရေရှန်၊ ဂျာစီ၊ ဂွမ်စီ၊ အေးရှားရား၊ နော်ဝေဂျင်ရွက်အပါအဝင် နို့စားနွား ၇ မျိုးကို မွေးမြူခဲ့ပြီး၊ အရည်အသွေးပိုင်းထက် နို့ထွက်ကောင်းသော ဖရေရှန်နှင့် ဂျာစီနှစ်မျိုး မွေးမြူခဲ့ရာမှ၊ ယခုအခါ ဂျာစီနို့စားနွားထက် နို့ထွက်ပိုကောင်းသော ဖရေရှန်နို့စားနွားကို အများဆုံးမွေးမြူလျက်ရှိကြောင်း သိရသည်။
နွားနို့အတွက် နို့စားနွားမွေးမြူတဲ့အခါမှာ အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးထုတ်လုပ်လာကြတဲ့အတွက် နွားနို့အရည်အသွေး ကျလာတယ်လို့ဆိုရမယ်။ နိုင်ငံခြားမှာက နို့အရည်အသွေးကိုကြည့်ပြီး နွားကိုမွေးမြူတာ။ ဒီမှာက နွားနို့တစ်ပိဿာ ဘယ်လောက်ဈေးဆိုပြီး ထုတ်လုပ်နေကြတယ်။ ဖရေရှန်ရဲ့အားသာချက်က နို့ထွက်ကောင်းတယ်။ နွားနို့အရည်အသွေးက ၃ ဒသမ ၅ ရာခိုင်နှုန်းပဲပါတယ်။ ဖရေရှန်နို့စားနွား ၁၀ ပိဿာထွက်တဲ့အချိန်မှာ ဂျာစီနွားက ရှစ်ပိဿာပဲထွက်တယ်။ ဂျာစီနွားနို့အရည်အသွေးက ၅ ရာခိုင်နှုန်း ရှိတယ်။ အရသာလည်း ကွာတယ်။ ဒါကြောင့် ဒီမှာဖရေရှန်နွားပဲ မွေးတာများတယ်။ အစာကျွေးပုံတူပြီး နို့ထွက်အရည်အသွေး မတူတာဟာသူတို့ရဲ့မျိုးရိုးဗီဇကြောင့်ပါ။ ကျွန်တော်တို့နိုင်ငံမှာ ဖရေရှန် နို့စားနွားကို အများဆုံးမွေး မြူထုတ်လုပ်တာဟာ သောက်သုံးသူအတွက်အနာဂတ်ကို မျှော်မှန်းပြီး ထုတ်လုပ်ကြရန် လိုအပ်ပါတယ်ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာမင်းညွန့်ဦးက ပြောသည်။
နို့စားနွားတစ်ကောင်လျှင် တစ်နှစ်တစ်သားကျဖြင့် နို့ထွက်အားကို ရက် ၃၀ဝ သတ်မှတ်လေ့ရှိပြီး၊ တစ်ရက်လျှင် နွားနိုငါးပိဿာ၊ ခြောက်ပိဿာမှ အမြင့်ဆုံးအချိန်၌ ၁၃ ပိဿာ ထိထွက်သောကြောင့်၊ ရန်ကုန်မြို့တွင် ဖရေရှန်နို့စားနွားကို အများဆုံးမွေးမြူ၍၊ အင်းစိန်နွားနို့ ဈေးကွက်နှင့် တာမွေနွားနို့ဈေးကွက်တို့က တစ်ဆင့် နေ့စဉ်ဖြန့်ချိ လျက်ရှိသည်။
နယူးဇီလန်နိုင်ငံတွင် ဖရှေရှန်နွားနှင့် ဂျာစီနွားကို မျိုးစပ်၍၊ အီဝီမျိုးစိတ်သစ်ကိုရရှိခဲ့ပြီး၊ နို့ထွက်အားအရည်အသွေးစွမ်းရည်ကိုမြှင့်တင်၍၊ နို့ထွက်ပစ္စည်းကို ထုတ်လုပ်လျက်ရှိသည်။
နို့စားနွားကို မွေးမြူရာ၌ မျိုးရိုးဗီဇနှင့် အစာစားသုံးမှုပေါ်တွင် မူတည်သောကြောင့်၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေးကောင်းရရှိမှုတွင်၊ သင့်တင့်မျှတသော နို့စားနွားများကိုမွေးမြူထုတ်လုပ်ရန် လိုအပ်လာသည်။
ရန်ကုန်တိုင်းဒေသကြီးတွင်၊ နို့စားနွားကောင်ရေ ၁၆၀ဝ၀ ခန့်မွေးမြူလျက်ရှိပြီး၊ ဂျာစီနို့စားနွား၂၀ရာခိုင်နှုန်းနှင့် ဖရေရှန် နို့စားနွား ၈၀ ရာခိုင်နှုန်းမွေးမြူလျက်ရှိသည်။
အရည်အသွေးကောင်းမွန်သော နွားနို့သောက်သုံးနိုင်ရန်၊ မျိုးရိုးဗီဇကောင်းသော နို့စားနွားများကို မွေးမြူထုတ်လုပ်ရန် လိုအပ်ပြီး၊ နို့ဈေးနှုန်းတည်ငြိမ်ရန်၊ အစာစရိတ်ပေါ်တွင်မူတည်၍၊ နို့စား နွားတစ်ကောင်တွင်၊ အစာအတွက် ၇၅ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံထားသောကြောင့်၊ မွေးမြူရေးတောင်သူများ မြက်ရရှိရန် သဘာဝမြေနေရာနှင့် စိုက်ပျိုးရန် မြေနေရာများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခက်အခဲရှိလာနိုင်၍၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မြက်စိုက်ပျိုး ထုတ်လုပ်ကာမြက်ချဉ်ဖတ်နှင့် ပြောင်းချည်ဖတ်ကို တောင်သူတို့လက်ဝယ် အရောက်ဖြန့်ချိနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။
ymg/NN
#Yangon_Media_Group