#Local_News
Published - 24 June 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင်ရှိသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်အဖြစ် UNESCO သို့ တင်သွင်းနိုင်ရန် စီစဉ်နေကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

 

လက်ရှိမှာတွင် ရခိုင်ပြည်နယ်မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်ရန် တင်သွင်းထားပြီး မြောက်ဦးပြီးပါက ရွှေတိဂုံစေတီတော်ကြီးကို ဆက်လက်တင်သွင်းရန် စီစဉ်ထားကြောင်း သိရသည်။

 

" ရွှေတိဂုံစေတီတော်ကို ယူနက်စကိုတင်သွင်းဖို့တော့အစီအစဥ်ရှိပါတယ်။ မပြင်ဆင်ရသေးဘူး။ အခုလောလောဆယ်မြောက်ဦးကို ပဲလုပ်နေပါတယ်။ တစ်ခုပြီးမှ တစ်ခုသွားမှာပါ"ဟုရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကပြောသည်။

 

မြန်မာနိုင်ငံတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ အများအပြားရှိပြီး ခိုင်မာသည့် သမိုင်းကြောင်းနှင့် အထောက်အထားများ ရရှိနိုင်ရန်နှင့် ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဆောင်ရွက်နေပြီး လေ့လာတွေ့ရှိချက်တွေကိုလည်း ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပျူ၊ ဟန်လင်း၊ ဗိဿနိုးစသည့် မြို့ဟောင်းသုံးခုနှင့် ၂၀၁၉ ခုနှစ်တွင် ပုဂံဒေသကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ် မြောက်ဦးဒေသကို လည်း ၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် တင်ပြနိုင်ခဲ့ကာ UNESCO မှလာရောက် စစ်ဆေးသည့်အခါ အသင့်ဖြစ်ဖို့ လိုအပ်သည့် ပြင်ဆင်မှုတွေကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group