#LocalNews
Published - 24 June 2022

 

မြန်မာ့ပို့ကုန်ဖြစ်သော ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ဆူးလေဆိပ်ကမ်းတံတားများမှ ဥရောပနှင့် အာဖရိကနိုင်ငံများသို့ ဝမ်းပုံစနစ်ဖြင့် ယနေ့ ဇွန် ၂၄ ရက်တွင် စတင်တင်ပို့ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံ၏ အဓိက လယ်ယာထွက်ကုန်စည်ဖြစ်သော ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် Bulk Carrier သင်္ဘောကြီးများ(ဝမ်းပုံစနစ်)ဖြင့် ပြည်ပသို့ နှစ်စဉ် တင်ပို့လျှက်ရှိရာ ယခင်နှစ် (၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ)တွင် ဆူးလေဆိပ်ကမ်းတံတားများ (အမှတ် ၁ မှ ၇ အထိ)မှ စုစုပေါင်းသင်္ဘော(၉၀)စီးဖြင့် ဆန်တန်ချိန် (၁,၃၅၇,၂၀၂)တန်ကို တင်ပို့ခဲ့ပြီးဖြစ်သည်။

 

ယခုနှစ် (၂၀၂၂ ခုနှစ်) ဧပြီလမှ ဇွန်လ (၃)လ အတွင်း စုစုပေါင်းသင်္ဘော(၂၇)စီးဖြင့် ဆန်တန်ချိန် (၅၈၂,၃၃၀)တန်ကို တင်ပို့နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

လက်ရှိအချိန်တွင် ဆူးလေဆိပ်ကမ်းတံတား(၇)စင်းတွင် အလျား(၁၈၃)မီတာရှိ သင်္ဘောကြီး (၂)စီး၊ (၁၈၆)မီတာရှိ သင်္ဘောကြီး (၂)စီးနှင့် (၂၀၀)မီတာရှိ သင်္ဘောကြီး(၁)စီး စုစုပေါင်း(၅)စီး တံတားနေရာပြည့် ဆိုက်ကပ်၍ ဆန်တန်ချိန်စုစုပေါင်း (၁၄၃,၄၀၀)တန်ကို တင်ဆောင်ပြီး၊ ဘယ်လ်ဂျီယံနိုင်ငံသို့ (၃)စီး၊ စပိန် နိုင်ငံသို့ (၁)စီးနှင့် တိုဂိုနိုင်ငံသို့ (၁)စီး တင်ပို့ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group