#LocalNews
Published - 22 June 2022

 

အစိုးရဆေးရုံများတွင် ဆရာဝန်အခက်အခဲကြောင့် ဆေးကုသခွင့်မရရှိဘဲ ပုဂ္ဂလိကဆေးရုံသို့ သွားရောက်ကုသရသည့်ဖြစ်စဉ်မျိုးရှိပါက အသိပေးပြောကြားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက YMG ကို ပြောသည်။

 

"ဒီလိုကိစ္စမျိုးက Case by case သွားတာပဲကောင်းပါတယ်။ ဒါမျိုးဖြစ်စဉ်တွေရှိခဲ့ဖူးရင် သိချင်ပါတယ်။ ကျွန်တော်တို့ဒီဘက်က ဆရာဝန်အင်အားနည်းတာမှန်ပေမဲ့ အတတ်နိုင်ဆုံးကြိုးစားပြီးဆောင်ရွက်နေတယ်။ ကိုဗစ်ကာလတုန်းကတော့ ဒါမျိုးတွေဖြစ်နိုင်ပါတယ်။ ပြီးတော့ အရေးကြီးလူနာကို ဦးစားပေးရတာပေါ့။ ဒီလူနာကဆေးရုံလာတယ် ချက်ခြင်းခွဲစိတ်ဖို့လိုတယ်ဆိုရင် လုပ်ပေးတယ်။ ပြီးတော့ လူနာအပေါ်လည်းမူတည်တယ်။ သူကစောင့်နိုင်လား၊ မစောင့်နိုင်တဲ့ လူနာလားဆိုတာပေါ့။ အမှန်တကယ် ဆေးရုံတွေမှာ ဒါမျိုးဖြစ်စဉ်တွေအမှန်တကယ်ဖြစ်ခဲ့တယ်ဆိုရင် သိချင်ပါတယ်။ ဒါမျိုးကိုကျွန်တော်တို့ ဦးစားပေးကိုင်တွယ်သွားမှာပါ"ဟု ယင်းကပြောသည်။

 

အစိုးရပြည်သူ့ဆေးရုံကြီးများတွင် နည်းပါးနေသည့်အတွက် လူနာများဆေးကုသခွင့်ရရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း လူနာရှင်အချို့ပြောပြချက်အရ သိရသည်။

 

ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းနေထိုင်သည့် မအေးသီတာ(နာမည်လွှဲ) တွင် အူအတက်ရောင်ရောဂါဖြစ်၍ ခွဲစိတ်ရန် မြောက်ဥက္ကလာပ ဆေးရုံသို့ သွားရောက်ခဲ့ရာ ခွဲစိတ်လူနာများနေ၍ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောသည့်အတွက် သူ့အနေဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ခွဲစိတ်ကုသခဲ့ရကြောင်း YMG ကို ပြောသည်။

 

"မြောက်ဥက္ကလာဆေးရုံကို ဆေးကုဖို့သွားတယ်။ ခွဲစိတ်ဖိုပေါ့။ အပြင်မှာဆိုရင်ဈေးကြီးတယ် မတတ်နိုင်ဘူး။ ဒါကြောင့် အစိုးရဆေးရုံကို သွားတာပါ။ ဒါပေမဲ့ တစ်လကျော်နှစ်လလောက်စောင့်ရမယ်ဆိုတော့ အဆင်မပြေဘူး။ နောက်ဆုံးပုဂ္ဂလိကဆေးရုံမှာပဲ ခွဲစိတ်လိုက်ရတယ်။ ပိုက်ဆံမတတ်နိုင်တဲ့ အခြေခံလူတန်းစားတွေဆိုရင်ဘယ်လိုလုပ်မလဲ"ဟု မအေးသီတာက ပြောသည်။

 

ymg/sth
#Yangon_Media_Group