#Local_News
Published_ 19 June 2022

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို အခန်း(၁)ခန်းလျှင် ဧည့်ခန်း၊ အိပ်ခန်း (၂) ခန်း၊ ချက်ပြုတ်ခန်းပါသည့် (၄)ခန်းတွဲ(၅)ထပ် အဆောက်အဦ (၉၁)လုံး၊ အခန်းပေါင်း (၁၄၅၆)ခန်းကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ အဆောက်အဦ (၉၁) လုံးမှာ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ ရေကြည်မြောက်ကွင်း၊ ကွင်းအမှတ် (၅၀၆)ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ အဆောက်အဦ (၁၈၈) လုံး၊ အခန်း (၃၀၀၈) ခန်းအနက် ပထမအဆင့်အနေဖြင့် အဆောက်အဦ (၉၁) လုံး၊ အခန်းပေါင်း (၁၄၅၆) ခန်း အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ။

 

လုပ်ငန်းဆောင်ရွက်စဉ် တွေ့ကြုံရတဲ့ အခက်အခဲများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရေ၊ မီး ရရှိရေး ဦးစားပေး ဆောင်ရွက်ရန်နှင့် အိမ်ရာစီမံကိန်းအတွင်း အရိပ်ရသစ်ပင်များစိုက်ပျိုးပေးရန် ညှိနှိုင်းဆောင်ရွက်ကြရန် ဝန်ကြီးက မှာကြားခဲ့ပါတယ်။

 

ဝင်ငွေနည်း ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

ymg-mnn
#Yangon_Media_Group