#Local_News
Published_ 19 June 2022

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၄ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပွဲကောက် ရေတံခွန်အနီးတွင် လီလောက်ဆန်း မောင်းနှင်လာသည့် Hijet မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ပါတယ်။

 

အဆိုပါယာဉ်ပေါ်တွင် ဂေါ်ဖီထုပ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာတဲ့ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၀ ဒသမ ၉ ကီလို နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၄ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group