#LocalNews
Published _ 19 June 2022

 

၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား၌ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းသူပန်းခွေချ အလေးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားကို ကိုဗစ်(၁၉)ရောဂါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

"အာဇာနည်နေ့ အခမ်းအနားကျင်းပရာမှာ ကိုဗစ်(၁၉)ရောဂါ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီလိုက်နာဆောင်ရွက်စေလိုပါတယ် နောက်ပြီး လုံခြုံရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်ကြစေလိုပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုကပြောသည်။

 

အာဇာနည်ဗိမာန်တွင် အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းသူ့ပန်းခွေချအလေးပြုခြင်းအခမ်းအနားနှင့် အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ နိုင်ငံတော်အလံတိုင်တစ်ဝက်လွှင့်ထူခြင်း၊ ရန်ကုန်မြို့နှင့်နေပြည်တော်တို့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းသည့် အခမ်းအနားတို့အပါအဝင် အခမ်းအနား ၄ ရပ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးကိုကိုက ပြောသည်။

 

ယခုနှစ်၌ ရန်ကုန်မြို့နှင့်နတ်မောက်မြို့များရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်များကို အများပြည်သူများ ကြည့်ရှုလေ့လာရန် ဖွင့်လှစ်ပြသသွားမည်ဟုလည်း သိရသည်။

 

"အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)က အာ ဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ အစည်းအဝေးခန်းမကိုလည်း ဖွင့်လှစ်ပြသသွားမှာဖြစ်ပါတယ်"ပြည်ထောင်စုဝန်ကြီးဦးကိုကိုကပြောသည်။

 

၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသည် နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်၍ မှားယွင်းမှုမရှိစေရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ယင်းမှသိရသည်။

 

#ymg/NN
#Yangon_Media_Group