#Local_News
Published_ 13 June 2022

 

မဏ္ဍိုင်(၃)ရပ်အောက်တွင် အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ခြင်းနှင့် ဘုံစိတ်ဝင်စားမှုရှိသည့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် ဇွန်လ ၁၀ ရက်က ဗီဒီယိုကွန်ဖရန့်စနစ်နဲ့ ပြုလုပ်တဲ့ (၂၈) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိ ကြီးများဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Wu Jianghao နှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

 

အစည်းအဝေးတွင် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးနှစ် (၃၀) ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အထူးအစည်းအဝေး၏ ရလဒ်များအား အကောင်အထည်ဖော်ရာ၌ တိုးတက်မှုများကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။

 

ထို့နောက် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးဖြစ်ပေါ်တိုးတက်မှုများကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်ရန်အတွက် အာဆီယံ-တရုတ်လုပ်ငန်း စီမံချက် ၂၀၂၁-၂၀၂၅ ကို ပြင်ဆင်ရေးဆွဲမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။

 

အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက တောင်တရုတ်ပင်လယ်တွင် နိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာစာတမ်းအကောင်အထည်ဖော်ခြင်းနှင့် ထိရောက်၍ အနှစ်သာရရှိသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် ဆွေးနွေးမှုတွင် တိုးတက်မှုများရရှိရန် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံနှင့်အတူ ပူးတွဲဥက္ကဋ္ဌ အဖြစ် ညှိနှိုင်းဆောင်ရွက်နေမှုအား ဆွေးနွေးခဲ့ပါတယ်။

 

ထို့ပြင် ဒေသတွင်း၌ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံမှ အဆိုပြုချက်အသစ်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပါတယ်။

 

ymg-mnn
#Yangon_Media_Group