#LocalNews
Published - 13 June 2022

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ဇွန်လ(၁၃)ရက် မနက်ပိုင်းကနယုန်လပြည့်နေ့ မဟာသမယအခါတော်နေ့ အခမ်းအနားကျင်းပခဲ့ပါသည်၊၊

 

အခမ်းအနားကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် နန်းဦးတန်ဆောင်း၌ မနက်(၉) နာရီက စတင်ကျင်းပခဲ့ပြီး ဂေါပကအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကာအခမ်းအနားကျင်းပပြီး လှူဖွယ်ပစ္စည်းဝတ္ထုများကို သံဃာတော်များအား လှူဒါန်းဆက်ကပ်ခဲ့ကြသည်၊၊

 

မဟာသမယသုတ် အခါတော်နေ့ နံနက်(၉:၀၀)အချိန်တွင် ကျင်းပပြုလုပ်သော မဟာသမယသုတ်ပါဋိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို "နမော တဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြခြင်း၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇော်တိကဓဇ၊ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မထံမှ ရှစ်ပါးသီလခံယူဆောက်တူကြခြင်း၊ ဆရာတော် သံဃာတော်များမှ မဟာသမယသုတ် ပါဋိတော်ကို ရွတ်ဖတ်ပူဇော်ချီးမြှင့်ကြခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ဆရာတော်ဘုရားကြီးများအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြခြင်း၊ သြဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇော်တိကဓဇ၊ ဆရာတော် ဘဒ္ဒန္တကုမာရ ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကြောင်း သိရသည်၊၊

 

ဒုတိယပိုင်းအခမ်းအနားအစီစဥ်ဖြင့် ဗိုလ်တထောင်စေတီတော်ဝန်ထမ်းများနှင့် စနေဝတ်သင်းအဖွဲ့က မဟာသမယသုတ်ပါဋိတော်ရွတ်ဖတ်ပူဇော်ခြင်းကို အာရုံခံတန်ဆောင်း အရှေ့၊အနောက်၊ တောင်၊ မြောက်တို့တွင် သံပြိုင်ညီညာရွတ်ဖတ်ပူဇော်ကြပါသည်။ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့ဝင်များ ဦးဆောင်၍ဝန်ထမ်းများ၊ စနေဝတ်အသင်းအဖွဲ့များက သဗ္ဗေ ဘယာ ဝိမုစ္စန္တုပါဋိကိုရွတ်ဆိုပြီးခေါင်းလောင်းသံပြိုင်တီးကာ လက်ယာရစ် သုံးပတ်ပတ်ခါ ပူဇော်ခဲ့ပြီးအခမ်းအနားကိုမင်္ဂလာအောင်မြေ၌"ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ရုပ်သိမ်းခဲ့ကြောင်း ဂေါပကအဖွဲ့ကထုတ်ပြန်ထားသည်၊၊

 

ymg/tthl
#Yangon_Media_Group