#LocalNews
Published - 12 June 2022

 

နိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဇွန်လ ၁၁ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

တိုင်းရင်းသားလူမျိုးများစွာ နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံအတွက် အချင်းချင်းသွေးစည်းညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမည်ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာများရရှိခဲ့ပြီးဖြစ်ကြောင်း နစက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ယင်းအပြင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ရပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရကြောင်း၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG တို့မှ နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ကာ အကြမ်းဖက်သတ်ဖြတ်မှုများကို လုပ်ဆောင်ရန် စည်းရုံးသိမ်းသွင်းခံထားရသူများသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်မှုများကို ပြုလုပ်လာခဲ့ကြကြောင်း အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။

 

ယင်းသို့ ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးကို ထိခိုက်နှောင့်နှေးစေမည်ဖြစ်ကြောင်း၊ ယင်းအပြင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးတို့အတွက် ပြည်သူလူထုတစ်ရပ်လုံးပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေချောမွေ့စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသိပေးထုတ်ပြန်ခဲ့သည်။

 

ymg/sth
#Yangon_Media_Group