#LocalNews
Published_26 April 2022

 

အင်ဒိုနီးရှားစားအုန်းဆီတင်ပို့မှု ရပ်ဆိုင်းမည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွက် စိတ်ပူရန်မလိုကြောင်းနှင့် အလုအယက်ဝယ်သိမ်းပါက ဈေးပိုကြီးနိုင်သောကြောင့် သတိထားရန်လိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

 

"စားသုံးဆီကဏ္ဍက အရေးကြီးတဲ့ကဏ္ဍထဲမှာပါတယ်။ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကစပြီး ပြည်သူတွေစနစ်တကျနဲ့ စားသုံးဆီသုံးစွဲဖို့ ပညာပေးတဲ့အပိုင်းလည်းလုပ်တယ်။ ပြည်ပကတင်သွင်းမှုကိုလည်း ပုံမှန်ထက်ကို ၃ ပုံ ၂ ပုံ လျှော့ပြီး တစ်လကို တန်ချိန် ၅ သောင်းပဲပေးသွင်းတယ် ။

 

ဒါကြောင့်လည်း ပြည်တွင်းမှာထုတ်လုပ်မှုက တက်လာပြီး သူ့ဘာသူ ဟန်ချက်တော့ညီနေတယ်။ဒါပေမယ့် ဒီအချိန်မှာတော့ ပြည်တွင်းလိုအပ်ချက်အရ တစ်လကို ၅ သောင်းလောက်တော့ ပြည်ပကသွင်းဖို့ လိုနေသေးတယ်။ အင်ဒိုနီးရှားက သူ့နိုင်ငံက ဆီဈေးနှုန်းကြီးမြင့်တာကို ကုစားချင်တဲ့အတွက် သူကလည်း export ကို တားလိုက်တာ၊ယာယီပေါ့။အဲလိုတားတဲ့အပေါ်မှာ ချင့်ချိန်တွက်ချက်ပြီးပါပြီ။ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူး ကြီးကြပ်ရေးလုပ်ငန်းကော်မတီအနေနဲ့ စိစစ်တဲ့အခါမှာ စားအုန်းဆီကို ထုတ်လုပ်တာက အင်ဒိုနီးရှား တစ်နိုင်ငံပဲရှိပဲမဟုတ်ဘူး၊ မလေးရှားနိုင်ငံက အင်ဒိုနီးရှားနိုင်ငံထက်တောင် ပိုပြီးတော့ စားအုန်းဆီထုတ်ပါတယ်။

 

အဲအတွက် အင်ဒိုနီးရှားဘက်က မရရင် မလေးရှားဘက်က ဝယ်သွင်းဖို့၊ ဒီစားအုန်းဆီထက်ပိုကောင်းတဲ့ ပဲပုတ်ဆီတင်သွင်းဖို့ကို စဉ်းစားတယ်။ပူစရာအကြောင်းမရှိပါဘူး။ ပြည်တွင်းမှာ စားအုန်းဆီ တန်ချိန် ၃ သောင်းကျော်တဲ့ သိုလှောင်မှုရှိတယ်။လက်ရှိလည်း တန်ချိန် ၃ သောင်းကျော်ရှိတယ် ။ပြည်တွင်းထုတ်လုပ်မှုမှာလည်း တန်ချိန် ၂ သောင်းကျော်ရှိမယ်။ အဲ့ဒီတော့ တစ်လလောက်က အေးအေးဆေးဆေးသုံးလို့ရတယ်။ဒီတစ်လအတွင်းမှာတင် ကျနော်တို့ ဈေးကွက်က အင်ဒိုနီးရှားကမရရင် မလေးရှားက ပြန်သွင်းလို့ရတာပဲ ။ အလားတူ ထိုင်းကလည်း သွင်းလို့ရတာတွေရှိတယ်။

 

နောက် ပဲပုတ်ဆီနဲ့ ပတ်သက်ပြီးတော့ အမေရိကန်တို့ ရုရှားတို့က သွင်းလို့ရပါသေးတယ်။ ဒါကပူစရာအကြောင်းမရှိပါဘူး။ အလုအယက်တွေ ဝယ်သိမ်းရင် ဈေးကပိုတက်တတ်လို့ ကိုယ့်အမျိုးတွေက သိတယ်မလား အကုန်ဝယ်တာလေ ၊ စိုးရိမ်ပြီး စွတ်မဝယ်ပါနဲ့လို့ ပြောချင်ပါတယ်"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အရာထမ်းတစ်ဦးက YMG ကို ရှင်းပြပြောဆိုသည်။

 

စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့ရောင်းချသည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စားအုန်းဆီပြတ်လပ်မှုကိုလျှော့ချရန်၊ဈေးနှုန်းထိန်းညှိရန် ရည်ရွယ်၍ စားအုန်းဆီနှင့် ၎င်း၏ ကုန်ကြမ်းများကို ပြည်ပနိုင်ငံများသို့ လာမည့် ဧပြီလ ၂၈ ရက်မှ စတင်၍ တင်ပို့ရောင်းချမှုယာယီ ရပ်ဆိုင်းမည် ဖြစ်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ကြေညာထားကြောင်း သိရသည်။

 

ယင်းကြေညာချက်အရ မြန်မာနိုင်ငံပြည်တွင်းစားသုံးဆီဈေးနှုန်း မြင့်တက်လာနိုင်ကြောင်းလည်းပြောဆိုနေကြသည့်အပြင် လက်ရှိတွင် အချို့က စားသုံးဆီဈေးကို တိုးမြှင့်ရောင်းချနေကြကြောင်းလည်း သိရသည်။

 

"ဆီပြတ်တော့မယ်ဆိုပြီး ကိုယ့်အမျိုးတွေက ဈေးဆွဲတင်ဖို့က စနေပြီ။ မနေ့က(ဧပြီလ ၂၅ ရက်နေ့)အမှတ်တံဆိပ်တစ်ခုကို ၇,၀၀၀ ကနေ ၈,၀၀၀ အထိ ဖြစ်တယ် ။ ဖမ်းမယ်ဆိုလိုသာ ပြန်လျှော့သွားတာ"ဟု ယင်းအရာထမ်းက ပြောပြသည်။

 

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ထားသည်။

 

ymg/mt
#Yangon_Media_Group