#LocalNews

Published-14 Jan 2022


ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်လာသူတွေကို ဇန်နဝါရီ ၁၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲနမူနာ စမ်းသပ်စစ်ဆေးချက်တွေအရ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၆၃ ဦးထိ ရှိပြီ ဖြစ်ပါတယ်။

 

ယူအေအီးနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသားက ၆၀ ဦးနဲ့ နိုင်ငံခြားသား ၃ ဦးထံက အိုမီခရွန်ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

အိုမီခရွန်ရောဂါပိုးတွေ့ရှိသူတွေကို သတ်မှတ်ဆေးရုံကြီးတွေမှာ သီးသန့်ထားရှိကာ ကုသပေးနေသလို ပိုးတွေ့ရှိသူတွေနဲ့အတူ လိုက်ပါလာသူတွေကိုလည်း အသွားအလာကန့်သတ်ထားရှိပြီး ဓာတ်ခွဲစမ်းသပ်စစ်းဆေးမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

 

“မြန်မာပြည်မှာတွေ့နေရတဲ့ အိုမီခရွန်တွေ့ရှိမှုက နိုင်ငံခြားကဝင်လာသူတွေဆီကပဲ တွေ့သေးတယ်။ ပြည်တွင်းကူးစက်မှုအနေနဲ့ မတွေ့ရသေးဘူး၊ အဲဒါတော့ ကောင်းတဲ့အချက်ပေါ့။ ဒါ့ပေမယ့်လည်း အိုမီခရွန်က အရမ်းကူးစက်မြန်တော့ ဘာပဲပြောပြော သတိတော့ထားရမှာပေါ့။ အခုဆို အနောက်နိုင်ငံတွေမှာလည်း ဖြစ်တာ အရမ်းများနေတော့ ကမ္ဘာ့ကျန်းမာရေးက ညွှန်ချုပ်လည်း ပြောသွားပြီ၊ ဆေးရုံတွေမှာဆိုလည်း လူတွေပြည့်လာပြီဆိုတော့ မပေ့ါဖိုတော့ လိုတာပေ့ါ” လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ကိုဗစ်ရောဂါးပိုး ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၃၂,၇၂၅ ဦး ရှိပြီဖြစ်ကာ သေဆုံးသူစုစုပေါင်း ၁၉,၂၉၈ ဦးအထိရှိပြီလို့ သိရပါတယ်။

 

YMG/ee

#Yangon_Media_Group