Published - 7 Jan 2022
မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုးတွေ့ ရှိသူ(၁၂)ဦးကို ထပ်မံတွေ့ ရှိခဲ့ပြီး ရောဂါပိုးတွေ့ ရှိသူများသည်
မြန်မာနိုင်ငံသား (၁၁)ဦးနှင့် နိုင်ငံခြားသား(၁)ဦးဖြစ်ကာ Relief Flight များဖြင့် ဝင်ရောက်လာသူ ယူအေအီးနိုင်ငံမှ(၈)ဦး၊မလေးရှားနိုင်ငံမှ(၃)ဦးနှင့် အိန္ဒိယနိုင်ငံမှ (၁)ဦးတို့ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ဇန်နဝါရီ ၇ ရက်(ညပိုင်း)အချိန်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာ၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ ရှိ
နိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၂၂)ခုအား (၇-၁-၂၀၂၂)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်(၁,၀၀၀) တို့တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၁၂)ခုတွင် တွေ့ ရှိခဲ့ရခြင်းဖြစ်တယ်လို့
သိရပါတယ်။
အိုမီခရွန်ရောဂါပိုးတွေ့ ရှိသူများအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းသူတို့နှင့်လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာ သည့် ခရီးသည်များအားလည်း အသွားအလာကန့်သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်း သပ်စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
အဆိုပါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron
(အိုမီခရွန်)ရောဂါပိုးဟာ ကမ္ဘာတစ်ဝန်းတွင် ယနေ့အထိ အတည်ပြုလူနာစုစုပေါင်း(၅၁၈,၂၀၂) ဦးနှင့် သေဆုံးသူ (၁၁၄)ဦး ရှိပြီဖြစ်ပြီး ကမ္ဘာ့ဒေသအသီးသီးရှိ နိုင်ငံ/ ဒေသပေါင်း (၁၄၄)ခုအထိ ကျယ်ပြန့်စွာ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
သို့သော်လည်း အိုမီခရွန်ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးနှင့် ပတ်သက်၍ မိဘပြည်သူများအနေဖြင့် အလွန်အမင်းစိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ သံသယရောဂါလက္ခဏာရှိသူများ အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်း စသည်တို့ကို မမေ့မလျော့ သတိပြု၍ဆောင်ရွက်ကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာန က တိုက်တွန်း နှိုးဆော်ထားပါတယ်။
ymg/kg