#LocalNews
Published - 27 Dec 2021
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊(၆၅)လမ်း၊(၃၃)လမ်းနှင့်(၃၄)လမ်းကြားရှိ မန္တလေးခရိုင်တရားရုံးအဆောက်အဦးအတွင်း ယနေ့ ဒီဇင်ဘာ၂၇ ရက်၊ နံနက် ၁၀ နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ဒေသခံများထံမှ သိရပါတယ်။
"ဒီကနေ့ တရားရုံးမှာပေါက်ကွဲမှုဖြစ်တာ ဟုတ်ပါတယ်။ ပေါက်ကွဲမှုဖြစ်တာကိုကျွန်တော်တို့လည်း သတင်းရပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ ဖြစ်စဥ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး၊ ဒီလိုမျိုးဖြစ်စဥ်တွေကျ ကျွန်တော်တို့ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ဖို့ကလည်းအခက်အခဲလေးတွေရှိပါတယ်။ အဲ့ဒါကြောင့် အကြောင်းအရင်းအသေးစိတ်ကို မသိရပါဘူး။ဖြစ်စဥ်ကတော့ဟုတ်ပါတယ်။"လို့ မန္တလေးမြို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်ကိုပြောပါတယ်။
တရားရုံးအဆောက်အဦး၏ ဒုတိယထပ်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကနဦးစုံစမ်းသိရှိရပြီး ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
သို့သော်လည်း မန္တလေးမြို့နေ ဒေသခံများပြောပြချက်အရ အဆိုပါပေါက်ကွဲမှုဟာ ပြင်းထန်ပြီး ပေါက်ကွဲမှုဒဏ်ကြောင့်တရားရုံးထဲကမှန်တွေ လမ်းပေါ်ထိလွှင့်ကျလာခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မန္တလေးခရိုင်တရားရုံး(၅)ထပ်အဆောက်အဦးသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက် နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ခရိုင်တရားရုံးဖြစ်တယ်လို့လည်း သိရပါတယ်။
Photo - CJ
#Yangon_Media_Group