#LocalNews

Published - 21 Dec 2021

 

ဆိုင်ကယ်ရောင်းရန်လိုက်သွားသူ ပြန်မလာ၍လိုက်ရှာမှ ပျောက်ဆုံးသူအား မုံရွာ-သာစည် အဝေးပြေးလမ်းတစ်နေရာ၌ ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ ရှိခဲ့ရသည့် ဖြစ်စဥ်တစ်ခု မုံရွာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ဖြစ်စဥ်ဟာ ဒီဇင်ဘာ ၁၉ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်ဝယ်ယူမည်ဟု အယုံသွင်းကာ ၄င်းအား အဝေးတစ် နေရာသို့ ခေါ် ဆောင်၍ ဝယ်ယူမည်ဆိုသူက အခုလိုဆိုင်ကယ်အား လုယူထွက်ပြေးခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ချူပ်(မုံရွာ)က သတင်းထုတ်ပြန်ပေးခဲ့တာပါ။

 

ဖြစ်စဥ်မှာ ယင်းနေ့ ညနေ ၃ နာရီအချိန်ခန့်က မြဝတီရပ်ကွက် နေသူ မောင်------ ၁၇ နှစ်အား ဆိုင်ကယ်ဝယ်မည်ဆိုပြီး ဆိုင်ကယ်မောင်းစမ်းရန် ခေါ်ဆောင်သွားကာ ညနေ (၆) နာရီထိ ပြန်မလာသဖြင့် မိသားစုများမှ ခေါ်ဆောင်သွားသူအား လိုက်လံရှာဖွေပြီး မေးမြန်းကြည့်ရာ ကျောက္ကာမြှောက်ရွာ သုဿန်ထဲတွင်ကြိုးတုတ်၍ ဆိုင်ကယ် လုယူလာကြောင်းသိရသဖြင့် ဒေသခံလူမှုကူညီရေးအဖွဲ့ ဖြစ်သည့် လူမှူကယ်ဆယ်ရေးအဖွဲ့ချူပ် (မုံရွာ) အဖွဲ့အား သွားရောက်ရှာဖွေပေးပါရန် အကူညီတောင်းခံလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ထိုသို့ အကူညီတောင်းခံလာမှုအရ မြန်မာနိုင်ငံ လူမှူကယ်ဆယ်ရေးအဖွဲ့ မုံ့ရွာမြို့နယ်ရုံးမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၁၀)ဦးက မော်တော်ယာဉ် နှစ်စီးဖြင့် သွားရောက်ရှာဖွေခဲ့ရာ ပြစ်မှုကျုးလွန်ခဲ့သူပြောပြသော ကျောက္ကာမြှောက်ရွာ သုဿန်တွင်မတွေ့ ရှိသဖြင့် ဆက်လက်ရှာဖွေရန် ကျောက္ကာမြှောက်ရွာ ဒေသခံများနှင့် တိုင်ပင်ဆွေးနွေးနေစဉ် မုံရွာ-သာစည် အဝေးလမ်းမအနီးရှိ ဆုံကုန်းရွာတွင် အမည်မသိအလောင်းတစ်လောင်းရှိကြောင်း ဒေသခံတစ်ဦးက ဖုန်းဆက်အကြောင်းကြားမှူအရ နယ်ခံလူမှူရေးအသင်းအဖွဲ့တွေ ချိတ်ဆက်ပြီး ဆက်လက်ရှာဖွေခဲ့ရာတွင် ကလေးငယ်၏ ရုပ်အလောင်းအား ဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်လည်တွေ့ ရှိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ထို့နောက် သေဆုံးသူ၏ ရုပ်အလောင်းအားသယ်ဆောင်၍ မုံရွာဆေးရုံကြီး OPD မှတဆင့် ရင်ခွဲရုံသို့ ကူညီပို့ဆောင်ခဲ့ကြောင်း လူမှူကယ်ဆယ်ရေးအဖွဲ့ချူပ် (မုံရွာ) က သတင်းထုတ်ပြန်ခဲ့တာပါ။

 

ဒါ့အပြင် ယခုကာလအတွင်းမှာ မြို့ကြီးအချို့တွင် လုယက်မှု တွေများပြားနေသည့်အတွက် ပြည်သူလူထုများအနေဖြင့် ပြင်ပသို့ သွားလာရာ၌ ဂရုပြုသွားလာကြဖို့ကိုလည်း ဒေသခံလူမှုကူညီရေးအဖွဲ့တွေက အသိပေးနှိုးဆော်ထားပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံ လူမှူကယ်ဆယ်ရေးအဖွဲ့ချူပ်(မုံရွာ)။

#Yangon_Media_Group