#LocalNews

Published - 14 Dec 2021

 

လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွေမှာအင်္ဂလိပ်၊ ဇီဝဗေဒ၊ ဓာတုဗေဒဘာသာရပ်များတွင် အမှတ်ကောင်းရပါက ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ပေးသွားမှာဖြစ်ကာ ဆေးတက္ကသိုလ်ကိုလည်း ပညာသင်ထောက်ပံ့ကြေးဖြင့် တက်ရောက်ခွင့်ရအောင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ နစကဥက္ကဌက ပြောဆိုလိုက်ပါတယ်။

 

ဒီဇင်ဘညလ ၁၃ ရက်နေ့ မနေ့က ကျင်းပပြုလုပ်တဲ့ နစက ကောင်စီအစည်းအဝေး ၁၈/၂၀၂၁ မှာ နစကဥက္ကဌက ထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။

 

ပြောဆိုရာမှာ ၁၉၉၅ ခုနှစ်ကနေ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံအတွင်းရှိ ဆေးတက္ကသိုလ်တွေကနေ မွေးထုတ်ပေးတဲ့ ဆရာဝန်သုံးသောင်းကျော်ရှိသော်လည်း နိုင်ငံတာဝန်ထမ်းဆောင်နေတာဟာ ဆရာဝန်တစ်သောင်းကျော်ရှိတာကြောင့် တာဝန်ထမ်းဆောင်သူ ထက်ဝက်ပင်မရှိဘဲ အသက်အပိုင်းအခြားအရ ၅၅ နှစ်ဝန်းကျင်သာရှိပြီး တာဝန်ထမ်းဆောင်နိုင်တဲ့

အခြေအနေရှိသော်လည်း မထမ်းဆောင်တာကြောင့်တိုင်းပြည်အတွက်နစ်နာရတယ်လို့ ဆိုပါတယ်။

 

“လာမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲခေါ်ဆိုရာမှာ အင်္ဂလိပ်၊ ဇီဝဗေဒနဲ့ ဓာတုဗေဒ ဘာသာရပ်တွေမှာ အမှတ်ကောင်းသူများကို ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ပေးသွားမှာဖြစ်ပါတယ်။ဆေးတက္ကသိုလ်တက်ရောက်ပညာသင်ကြားရာမှာလည်း ပညာသင်ထောက်ပံ့ကြေးပေးပြီး ကျောင်းတက်ခွင့်ပေးသွားမှာပါ"လို့ နစက ဥက္ကဌက ပြောဆိုခဲ့တာပါ။

 

နစကကောင်စီအနေနဲ့ ဆေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခွင့်ပြုရာတွင် ပညာသင်ထောက်ပံ့ကြေးပေးကာ ကျောင်းတက်ခွင့်ပေးသွားမည်ဖြစ်ပြီး ကျောင်းပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိလက်မှတ်ရေးထိုးရမှာဖြစ်သလို တာဝန်မထမ်းဆောင်လိုပါက နိုင်ငံတော်ကို ပညာသင်စရိတ်ပြန်လည်ပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။

#Yangon_Media_Group