#LocalNews

Published - 9 Dec 2021

တရုတ်နိုင်ငံ၏ ကူညီ ထောက်ပံ့မှုဖြင့်  ဆောင်ရွက်မည့်အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)အဆင့်မြင့်တင်ခြင်းစီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၈ ရက်နေ့က မန္တလေးမြို့ မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr. Chen Chen ၊ သံရုံးစီးပွားရေးသံမှုး Mr. Tan Shufu တို့တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြတာပါ။

သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာတွင် "စီမံကိန်းတရားဝင်စတင်မှုကို ဂုဏ်ပြုခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းသည် သမ္မတ Mr. Xi Jinping မြန်မာနိုင်ငံခရီးစဉ်၏အရေးပါရလဒ်များထဲမှတစ်ခုဖြစ်ကြောင်း၊ အဆိုပါရလဒ်အားကောင်းမွန်စွာဖော်ဆောင်ခြင်းသည် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်၏ အရေးကြီးလုပ်ငန်းတာဝန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် စီးပွားရေးအသွင်ကူးပြောင်းသည့် အရေးပါကာလတွင်ရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအတွေ့အကြုံများကူးလူး ဖလှယ်ကာ ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများမျှဝေလိုပြီး မြန်မာနိုင်ငံစက်မှုလုပ်ငန်းဖွံဖြိုးတိုးတက်မှုအတွက် ကူညီအားပေးကာ တရုတ်-မြန်မာအကျိုးတူပူးပေါင်းဆောင်ရွက်မှုရလဒ်အား ပိုမိုများပြားသည့် မြန်မာပြည်သူများကို ပိုမိုကောင်းမွန်စွာအကျိုးပြုစေမည်ဖြစ်ကြောင်း" ပြောကြားခဲ့တာပါ။

ယခု အထောက်အပံ့ဟာ မြန်မာနိုင်ငံစက်မှုလုပ်ငန်းဖွံ့ ဖြိုးတိုးတက်မှုအား ထောက်ခံအားပေးခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ စက်မှုလုပ်ငန်းဖော်ဆောင်မှုအတွေ့အကြုံနှင့် ခေတ်မီသင့်တော်သောနည်းပညာများကို မျှဝေသွားလိုပြီး “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အား အရည်အသွေးမြင့်မြင့်အတူတကွတည်ဆောက်ကာ မြန်မာနိုင်ငံစက်မှုလုပ်ငန်းဖော်ဆောင်မှုဖြစ်စဉ်အား အရှိန်မြှင့်တင်သွားလိုတယ်လို့လည်း သံအမတ်ကြီး Mr. Chen Hai က ဆက်လက်  ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက "မြန်မာနိုင်ငံ အသက်မွေးဝမ်းကျောင်းပညာရေး လေ့ကျင့်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများမှ အင်တိုက်အားတိုက် ထောက်ခံအားပေးခြင်းအား လေးလေးနက်နက် ကျေးဇူးတင်ရှိကြောင်း၊ နှစ်ပေါင်းများစွာအတွင်း အဆိုပါသင်တန်းကျောင်းသည် မြန်မာနိုင်ငံအတွက် သက်မွေးအတတ်ပညာ လူတော်လူချွန်အများအပြားကို မွေးထုတ်ပေးခဲ့ကြောင်း၊ စီမံကိန်း ဆောက်လုပ်ပြီးစီးပြီးပါက မြန်မာနိုင်ငံ စက်မှုကဏ္ဍ လူတော်လူချွန်များ မွေးထုတ်ရေးကို ပိုမိုကောင်းမွန်စွာ ကူညီပံ့ပိုးပေးနိုင်ပြီး မြန်မာနိုင်ငံ စက်မှုလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် အားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း"ကိုလည်း ဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံအထောက်အပံ့ဖြင့်  ဆောင်ရွက်မည့်အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)အဆင့်မြင့်တင်ခြင်းစီမံကိန်းသည် ဆောက်လုပ်ရေးကာလ ၂၆ လရှိပြီး စီမံကိန်းတွင် လေ့ကျင့်ရေးအခန်း အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်တည်ဆောက်ခြင်း၊ ကျွမ်းကျင်လေ့ကျင့်ရေးပစ္စည်းနှင့် သင်ရိုးများထောက်ပံ့ပေးခြင်း၊ မြန်မာနိုင်ငံများဆရာများအား လေ့ကျင့်ပေးခြင်းစသည်တို့ ပါဝင် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။