#LocalNews
Published - 7 Feb 2022
ဒီကနေ့( ဖေဖော်ဝါရီ ၇ ရက်)၊ နံနက် ၁၀ နာရီခွဲအချိန်က မြဝတီအာရှလမ်းတွင် အိမ်စီးယာဥ်တစ်စီးအရှိန်လွန်
တိမ်းမှောက်ခဲ့ပြီး ယာဥ်မောင်းတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရပါတယ်။
"ယာဉ်မောင်းက ဦးခေါင်းမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်၊ စိုးရိမ်ရပေါ့။ သူက မြဝတီမြို့မှာ နေထိုင်သူဖြစ်ပါတယ်။ အခု သူ့မိသားစုနဲ့လည်း အဆက်အသွယ်ရပါပြီ။"လို့ ဒေသခံလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ မော်တော်ယာဥ်ဟာ အာရှလမ်း၊ ချောင်းတောင်ကွင်းဘုန်းကြီးလမ်းနှင့် မွေးဇုံတံတားကြား မြဝတီမှဆင်းလာတဲ့ မတ်တူးယာဥ်ဖြစ်ပြီး ယင်းနေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ယာဥ်မောင်းများအနေနဲ့ မော်တော်ယာဥ်များကို ဖြေးဖြေးမောင်းနှင်ပြီး လိုရာခရီးကိုသွားလာကြဖို့
ဒေသခံလူမှုကူညီရေးအဖွဲ့တွေက အသိပေးနှိုးဆော်ထားပါတယ်။
ဓါတ်ပုံ - Ko Htaik
ymg/kg
#Yangon_Media_Group
#LocalPolitics
Published 7 Feb 2022
ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ဆွေးနွေးမယ့်အကြောင်းအရာများနဲ့ပက်သက်ပြီး ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ချက်ထားရှိတယ်လို့ နစက က ကြေညာလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ နစကရဲ့ ကြေညာချက် ၁/၂၀၂၂ ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်း နဲ့ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ဖိတ်ကြားခြင်း ထုတ်ပြန်ရာမှာ အထက်ပါအတိုင်းရေးသားထားတာဖြစ်ပါတယ်။
အဆိုပါထုတ်ပြန်ချက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ဆက်လက်စီမံဆောင်ရွက်နေပြီး အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားတဲ့ အဖွဲ့အစည်းများမှအပ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသာမက NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်ခေါ်တယ်လို့ ဖော်ပြထားပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးရာမှာလည်း ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ပက်သက်ပြီး ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ချက်ထားရှိတယ်လို့လည်း အလေးထားဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီမိုကရေစီကျင့်စဉ်များနဲ့အညီ စေ့စပ်ညှိနှိုင်းအဖြေရှာရေးနည်းလမ်းနဲ့ ထာဝရငြိမ်းချမ်းရေးကို ရှေးရှုဆွေးနွေးသွားကြမှာဖြစ်တာကြောင့် ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက်ကျင်းပမယ့် ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးကြဖို့ဖိတ်ခေါ်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်ဇန်နဝါရီလ ၁၃ ရက်နေ့ နစက ဥက္ကဌရဲ့တနင်္သာရီတိုင်းဒေသကြီးခရီးစဥ်မှာ ငြိမ်းချမ်းရေးမှာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဥပဒေနှင့်အညီ ပါဝင်လာမှသာလျှင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးပါဝင်သော အဓိပ္ပယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများနဲ့သာ ဖြေရှင်းနိုင်မယ်လို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST က ဇန်နဝါရီလ ၇ ရက်နေ့ကထုတ်ပြန်ထားပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published-7 Feb 2022
သာစည်မြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ တောင်ကြီး-သာစည်သွားကားလမ်း၊ ကျွဲတပ်ဆုံပူးပေါင်းစစ်ဆေးရေးစခန်းတွင် တောင်ကြီးမှ သာစည်ဘက်သို့ သီဟအောင်(၂၉)နှစ် မောင်းနှင်ပြီး ခွန်တဘောက်(၂၁)နှစ် လိုက်ပါလာသည့် MITSUBISHI FUSO ၁၂ ဘီးမော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ၁၅ ဒသမ ၃၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂ ဒသမ ၃၇၅ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သတင်းကွင်းဆက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် ပူးပေါင်းအဖွဲ့မှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၅/၆)အနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မနီလာဦး(၂၄)နှစ်အား IPSUM မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 6 Feb 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၌ ဆေးရုံဝန်ထမ်းအပါအဝင် ကိုဗစ် ၁၉ ရောဂါ ကူစက်ခံရသူအများအပြားကို တွေ့ ရှိခဲ့သည့် အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်၍ ၁၄ ရက် (နှစ်ပတ်တိတိ)Lock Down ချထားလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
"အဲ့ဒီဆေးရုံက တပည့်ကိုမေးကြည့်တာ Nurse Aid ကလေးတွေ စကူးတာတဲ့ အားလုံး ၂၀ လောက်Positive ထွက်တော့ လူနာတွေထဲက Negativeထွက်ရင်ပြန်ခိုင်းပြီး Positive တွေဘဲချန်ထားတာတဲ့ နှာစေးချောင်းဆိုးလောက်ပါဘဲ၊ အောက်ဆီဂျင်မကျကြဘူးလို့ ပြောတယ်။ ခုတော့နှစ်ပတ် ကွာရန်တင်းထားတယ်။"လို့ အဆိုပါ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးနှင့်
နီးစပ်သူတစ်ဦးက ပြောပြခဲ့ပါတယ်။
ထိုဆေးရုံတွင် ဆေးရုံဝန်ထမ်းပေါင်း ၁၀၀ ခန့် ရှိနေပြီး ဆေးကုသမှု ခံယူနေသည့် လူနာသံဃာတော်အပါး ၂၀ နှင့် သီလရှင် ၇ ပါး စုစု ပေါင်း ၁၂၇ ဦးရှိကာ လက်ရှိတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ ရှိသူ ၄၀ နီးပါးခန့်မှာ ပြင်ပအဝင်၊အထွက်မှ တစ်ဆင့် ကူးဆက်ခဲ့ခြင်းသာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားကြပါတယ်။
"ဒီနေ့မှ မဟုတ်ပါဘူးရှင် ၃ ရက်နေ့ထဲက Lockdown ချတာပါ။ JSH မှာတော့ ဝန်ထမ်း အယောက် ၂၀ ကူးပြီး ရပ်နေပါတယ်၊ ၃ ရက်နေ့ထဲက Lockdown ချလိုက်ပါတယ်။"လို့ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးနှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။
မကြာသေးမီ လပိုင်းက ကုသမှုရပ်နားထားသည့် ဇီဝိတဒါန သံဃာ့ဆေးရုံရှိဌာနများအား ကိုဗစ် ၁၉ စည်းကမ်းများနှင့်အညီ ပြန်လည်ကုသမှုပေးခဲ့သော်လည်း ဝန်ထမ်းများ အပါအဝင် ဆေးကုသမှုခံယူနေသည့် သံဃာများ၌ပါ ကိုဗစ်ရောဂါ ပိုးတွေ့ ရှိခဲ့ရသည့်အတွက် သက်ဆိုင်ရာတိုင်း ကျန်းမာရေးမှ လာရောက်စစ်ဆေးမှုများပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခုကာလတွင် ရန်ကုန်မြို အပါအဝင် မြို့ ကြီးအချို့ မှာ ကိုဗစ်အစုအပြုံလိုက်ဖြစ်ပွားမှုနှင့် အိုမီခရွန် ရောဂါပိုး ကူးစက်တွေလည်းရှိ နေသည့် အတွက် ပြည်သူလူထု တွေအ နေနဲ့ ကိုဗစ်စည်းကမ်းကို အထူးသတိပြုလိုက်နာကြဖို့ နဲ့ ကာကွယ် ဆေးထိုးနှံကြဖို့ကိုလည်း ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားပါတယ်။
ထို့အပြင် မကြာ သေးမီရက်ပိုင်းအတွင်းက ရန်ကုန်မြို့ ရှိ စက်ရုံတစ်ခုမှာ ကိုဗစ် ရောဂါ ဖြစ်ပွားသူ တွေကို အစုလိုက်အပြုံလိုက် တွေ့ ရှိခဲ့ပြီး နောက် ၄င်းတို့ထဲမှ ၁၀ ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာခဲ့မှ အဆိုပါ ၁၀ ဦးလုံးတွင် အိုမီခရွန် ရောဂါပိုးကိုတွေ့ ရှိခဲ့ရတာဖြစ်တယ်။
ကျန်းမာ ရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက် တွေ အရလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုးကို နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားအပါအဝင် စုစုပေါင်း ၃၄၈ ဦးထံမှာ တွေ့ ရှိထားပါတယ်။
ဒါ့အပြင် ကိုဗစ်ရောဂါပိုးကို တိုင်းဒေသကြီး၊ ပြည်နယ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးကတော့ ပိုးတွေ့ မှုအများဆုံးဖြစ်နေပြီး ယခုလက်ရှိထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၃၆,၉၀၄ ဦးအထိ ရှိပြီးလည်း ဖြစ်ပါတယ်။
ဓါတ်ပုံ - ရန်ကုန် ဇီဝိတဒါနသံဃာ့ဆေးရုံ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 6 Feb 2022
ဒီကနေ့ ( ဖေ ဖော်ဝါရီ ၆ ရက်)၊ မွန်းလွဲပိုင်းအချိန်က အမြန်လမ်းတွင် ကားမီးလောင်မှု
ဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးသွားခဲ့ရပါတယ်။
ဖြစ်စဥ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၁၉/၅)နှင့် (၃၁၉/၆)ကြားတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ယာဥ်မီးလောင်မှုကို ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ ရတာပါ။
သို့ သော်လည်း ယာဉ်ပေါ်ပါ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ကတော့ ကားမီး လောင်မှု ကြောင့် သေဆုံးသ့ားခဲ့တာဖြစ်တယ်လို့လည်း အမြန်လမ်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#LocalNews
Published - 6 Feb 2022
မြန်မာ့လက်မှုအနုပညာစင်တာ (MHC)နဲ့ အသေးစားစက်မှုလက်မှုနှင့် လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲ အခမ်းအနားကို ဇန်နဝါရီ လ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။
မြန်မာ့လက်မှုအနုပညာစင်တာကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးဝန်းအတွင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။
မြန်မာ့လက်မှုအနုပညာစင်တာမှာ ယွန်းထည်ပစ္စည်းတွေ၊ ရက်ကန်းထည်ပစ္စည်းတွေ၊ သစ်သားပန်းပုတွေ၊ ငွေထည် ကြေးထည်ပစ္စည်းတွေ၊ ပန်းချီကားတွေ၊ သစ်သား၊ ဝါး၊ ကျောက်မျက်တို့နဲ့ ပြုလုပ်တဲ့ ပန်းပုပစ္စည်း တွေ၊ ဝါးထည်၊ ကြိမ်ထည်တွေ၊ ကနုကမာ၊ ခရုတို့နဲ့ ပြုလုပ်တဲ့ အလှဆင်ပစ္စည်းတွေနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှထွက်ရှိတဲ့ လက်မှုအနုပညာပစ္စည်း အမျိုးမျိုးတို့ကို ပြသရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
"မြန်မာနိုင်ငံဟာ သဘာဝကုန်ကြမ်းပစ္စည်းတွေ အလွယ်တကူရရှိနိုင်ပြီး လက်မှုအနုပညာတွေထွန်းကားတဲ့ နိုင်ငံဖြစ်ပေမယ့်လည်း မြန်မာ့လက်မှုပညာပစ္စည်းတွေဟာ ပြည်ပနိုင်ငံတွေကို ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်တာ မရှိသေးဘဲ နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေအပေါ် မျှော်ကိုးရောင်းချနေရတဲ့ အနေအထားမှာပဲ ရှိနေသေးတာကြောင့် မြန်မာ့လက်မှု အနုပညာပစ္စည်းများ အနာဂတ် ဈေးကွက် ကောင်းမွန်စေရေးကို ဖော်ဆောင်ပေးဖို ဒီမြန်မာ့လက်မှု အနုပညာစင်တာကို ဖွင့်လှစ်ပေးတာပဲဖြစ်ပါတယ်" လို့ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက ပြောပါတယ်။
၇၅ နှစ်မြောက် စိန်ရတုနှစ်ပတ်လည် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မြန်မာ့လက်မှုအနုပညာစင်တာ(MHC)နဲ့ အသေးစားစက်မှုလက်မှုနှင့် လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲ ကျင်းပပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲ၊ဈေးရောင်းပွဲမှာ ပြခန်းပေါင်း(၇၇)ခန်း ပါဝင်ပြသမှာဖြစ်ပြီး အဆိုပါ ပြခန်းတွေကတဆင့် နိုင်ငံတစ်ဝန်းမှာရှိတဲ့ အသေးစားထုတ်ကုန် ပစ္စည်းတွေကို တစ်နေရာထဲမှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
ymg/ei
Page 1797 of 1806