#LocalNews
Published_29 April 2022
ကျိုးကျပျက်စီးသည်ထိ အဖျက်ဆီးခံထားရသော အများပြည်သူအတွက် လျှပ်စစ်မီးပေးဝေသည့် လောပိတရေအားလျှပ်စစ်တာဝါတိုင်များကို ပြင်ရန်သွားသည့်လျှပ်စစ်ဝန်ထမ်း ၂၆ ဦး သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သိရသည်။
"ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ပျောက်နေတာပါ။တာဝန်တိုင်ပြင်တဲ့အခါ လိုအပ်တဲ့ပစ္စည်းတွေအပါအဝင် ဝန်ထမ်း ၂၆ ယောက် ပျောက်နေတာ။အခုထိ သတင်းမရဘူး၊လောပိတက သုံးလိုင်းရှိတဲ့အထဲမှာ လက်ရှိ တစ်လိုင်းပဲဖြစ်တာကြောင့် လျှပ်စစ်ပေးရတာ သုံးပုံတစ်ပုံပဲ ပေးရတာဖြစ်တယ်။အဲဒီ
နေရာတွေ နယ်မြေမစိုးမိုးလို့ ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။တာဝါတိုင်တွေကို သွားပြင်လိုက်၊ပြန်ပြီးတော့ ဖျက်လိုက် လုပ်နေတာက ၅ ကြိမ် ရှိပါပြီ။အခု ပျောက်နေတဲ့ဝန်ထမ်းတွေဟာ သေသလားရှင်သလား မသိရသေးဘူး"ဟု အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။
လောပိတစီမံကိန်းမှ လျှပ်စစ်မဂ္ဂါဝပ် ၂၄၀ ကျော်ထုတ်လုပ်နိုင်သော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၈၀ ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ယင်းမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်းကပင် လွိုင်ကော်မြို့နယ် လောပိတမဟာဓါတ်အားလိုင်းမှ တာဝါတိုင် ၂ တိုင် အဖျက်ဆီးခံခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 29 April 2022
သီတဂူဆရာတော်ကြီးနှင့် နီပေါလ်သမ္မတတို့သည် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ဧပြီ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သီတဂူသတင်းထုတ်ပြန်ရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
တွေ့ဆုံစဥ် နီပေါလ်သမ္မတကြီးက မြန်မာနိုင်ငံသို့ လာရောက်ဖူးမြော်ရသဖြင့် ဝမ်းသာအားရ ပြန်လည်ဖော်ဆောင်ခဲ့ပြီး လုမ္ဗိနီဥယျာဉ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုးရိမ်ပူပန်မှု၊ ပံ့ပိုးကူညီမှု၊ နှစ်ပေါင်းများစွာ စီမံကိန်းများစွာကို စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးခဲ့သည့် ဆရာတော်ကြီးအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
နီပေါလ်လူမျိုးတွေ လုမ္ဗိနီကို အမျိုးသားအမွေအနှစ်အဖြစ်ထားရှိရတာ ဘယ်လောက်ကံကောင်းကြောင်းနဲ့ ဒီအမျိုးသားအမွေအနှစ်ကို ပြန်လည်အသက်သွင်းထိန်းသိမ်းဖို့ ထူးခြားတဲ့ အခွင့်အရေးကိုရရှိခဲ့တာ ဘယ်လောက်ကံကောင်းကြောင်း ဆရာတော်ကြီးက နီပေါလ်သမ္မတနဲ့တွေ့ဆုံစဥ်မှာ ပြန်လည်မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။
Lumbini ဟာ ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံးသောနေရာဖြစ်သလို အမြင့်မြတ်ဆုံးလူသားရဲ့ မွေးရပ်မြေဖြစ်ပြီး Buddha တရားကိုပဲဟောပြောပေးခဲ့တာ လေးဆယ့်ငါးနှစ်အတွင်း ဒီတရားဟာ နီပေါလ်နိုင်ငံရဲ့ အမျိုးသားအမွေအနှစ်ဖြစ်သလို ကမ္ဘာ့အမွေအနှစ်လည်းဖြစ်တယ်လို့ သီတဂူဆရာ တော်ကြီးက မိန့်ကြားပါတယ်။
ဆရာတော်ကြီးဟာ ယခင်က ဗုဒ္ဓရုပ်ပွားတော် အဆူသုံးဆယ်ကို နီပေါလ်သမ္မတထံသို့ လှူဒါန်း ပေးခဲ့ပြီး ဒီအခမ်းအနားမှာ ဗုဒ္ဓရုပ်ပွားတော်တွေ အမြဲတည်ထားမယ့် လုမ္ဗိနီပြတိုက်ဖြစ်တဲ့ ဗုဒ္ဓဝိဟာရ တည်ဆောက်ရေးအတွက် အလှူငွေလွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အခမ်းအနားတွင် ရုပ်ပွားတော် အဆူသုံးဆယ်ကို လုမ္ဗိနီပြတိုက်သို့ ပင့်ဆောင်ပူဇော်ရန်ဆရာတော်ကြီးက အမေရိကန်ဒေါ်လာ တစ်သောင်းကိုလည်း လှူဒါန်းခဲ့တာပါ။
အဆိုပါ ဗုဒ္ဓရုပ်တုတော်တွေကို နီပေါလ်သမ္မတ မစ္စတာ ဘစ်ဒရာဒေဗီ ဘန္ဒရီက ၂၀၁၉ ခုနှစ် အောက်တိုဘာလက မြန်မာနိုင်ငံကို လာရောက်စဉ်က လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဤသုံးဆယ်သော ဗုဒ္ဓရုပ်ပွားတော်များသည် နိုင်ငံပေါင်းစုံ၊ ခေတ်ပေါင်းစုံ၊ မုဒြရာမျိုးစုံဖြစ်ပြီး ရုပ်ပွားတော်များသည် သုံးပေမြင့်ကာ မြန်မာနိုင်ငံ မန္တလေးမြို့တွင် ကြေးဝါဖြင့် ပြုလုပ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယင်း Lumbini ပြတိုက်ဟာ ဗုဒ္ဓရဲ့ ဇာတိသမိုင်းနဲ့ ထင်ရှားမှုကိုပြသထားတဲ့ ကမ္ဘာ့ပထမဆုံး ပြည်နယ်အနုပညာပြတိုက် ဖြစ်လာမှာဖြစ်တယ်လို့ သီတဂူစတား၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဓါတ်ပုံ - သီတဂူ စတား
ymg/kg
#Yangon_Media_Group
#LocalNews
Published_29 April 2022
ထိုင်း မြန်မာနယ်စပ် မဲဆောက် - မြဝတီ နှင့် ရနောင်းဘက်ခြမ်းမှ မေလတစ်ရက်ကစ၍ Border Pass ဖြင့် ထိုင်းနိုင်ငံကို ဝင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးအပြည့် ထိုးနှံထားသူများ၊ကိုဗစ်ကာကွယ်ဆေး မထိုးနှံထားရသူများ (သို့မဟုတ်) ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံထားရသေးသည့် သူများအနေဖြင့် မြဝတီ-မဲဆောက် နယ်စပ်ဘက်ခြမ်းတွင် နေထိုင်သည့်ကာလ ၃ ရက်ထက်ကျော်သည် ဖြစ်စေ၊မကျော်သေးသည်ဖြစ်စေ စည်းမျည်းဥပဒေအတိုင်း Passport ဖြင့် နယ်စပ်ဖြတ်ကျော် Border Pass ဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရာတွင် Self -ATK ဖြင့် ကိုဗစ်စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။
Thailand Pass ဖြင့် ဝင်ရောက်ရာတွင် ကိုဗစ်ကာကွယ်ဆေးထောက်ခံစာ တင်ပြနိုင်ပါက ကွာရန်တင်းဝင်ရန်မလိုဘဲ Self-ATK ကိုဗစ်စစ်ကြရမည်ဖြစ်ကြောင်း၊ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်မရရှိသူများအနေဖြင့် RT-PCR နည်းဖြင့်ကိုဗစ်စစ်ဆေးရမည်ဖြစ်ပြီး ကိုဗစ်ကူးစက်ခံထားရကြောင်း အဖြေထွက်လျင် ကွာရန်တင်း ၅ ရက် ဝင်ရောက်ရမည်ဖြစ်ကြောင်း မဲဆောက်နှင့် ရနောင်းခရိုင် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published-29 April 2022
လေယာဉ်စီးခရီးသည်တွေအနေနဲ့ စောင့်ဆိုင်းချိန်နည်းပါးခြင်း၊ ကုန်ကျစားရိတ်သက်သာခြင်း စတဲ့ အကျိုးကျေးဇူးများရရှိစေမယ့် COVID19 Antigen Rapid Diagnostic Test (RDT)နည်းနဲ့ပြောင်းလဲစစ်ဆေးဆောင်ရွက်မယ့်အကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှာ ဆွေးနွေးပွဲပြုလုပ်ပြီးဆွေးနွေးခဲ့ပါတယ်၊၊
၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၇) ရက်က ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးမှာ ကျင်းပပြုလုပ်တဲ့လုပ်ငန်းညှိနှိင်းဆွေးနွေးပွဲမှာ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်၊၊
"နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များ Commercial flight များပြေးဆွဲခွင့်ပြုရာတွင် တွေ့ရှိခဲ့ရသော အတွေ့အကြုံများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် အခက်အခဲများပေါ်တွင်မူတည်၍လည်းကောင်း၊ လေယာဉ်စီးခရီးသည်များအနေဖြင့် စောင့်ဆိုင်းချိန်နည်းပါးခြင်း၊ ကုန်ကျစားရိတ် သက်သာခြင်း စသည့် အကျိုးကျေးဇူးများရရှိစေမည့် COVID19 Antigen Rapid Diagnostic Test (RDT)နည်းဖြင့်ပြောင်းလဲစစ်ဆေး၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊သက်ဆိုင်ရာနှီးနွယ်ဝန်ကြီးဌာနများမှ RDT ဖြင့် ပြောင်းလဲစစ်ဆေး ဆောင်ရွက်မည့် အစီအစဉ် (မူကြမ်း) နှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်ဖြစ်ပါကြောင်း" ပြည်ထောင်စုဝန်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်၊၊
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကူးစက်) က နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များပြေးဆွဲရာတွင် RDT ဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက်မည့် အစီအစဉ် (မူကြမ်း)နှင့် (၁၇-၄-၂၀၂၂) ရက်နေ့မှစတင်၍ နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လက်ရှိကြုံတွေ့ရသောအတွေ့အကြုံများ၊ အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပါတယ်၊၊
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက ပြည်ပနိုင်ငံများမှဝင်ရောက်လာမည့် နိုင်ငံခြားသားများအားခွင့်ပြုနိုင်သော ဗီဇာအမျိုးအစားများ၊ ခရီးသွားများအနေဖြင့် ကျန်းမာရေး အာမခံ (Health Insurance) လုပ်ငန်းများဆောင်ရွက်ရေးကိစ္စရပ်များ၊ RDT နည်းဖြင့်စစ်ဆေးရာတွင် လေဆိပ်တွင် မြန်မာကျပ်ငွေဖြင့်ငွေကြေးကောက်ခံမည့်လုပ်ငန်းစဉ်များ၊ လေယာဉ်ဆိုက်ရောက်ချိန်တွင် နိုင်ငံတကာငွေကြေးမှ မြန်မာကျပ်ငွေသို့ လဲလှယ်မှု လုပ်ငန်းဆောင်ရွက် ပေးနိုင်မည့်အခြေအနေများ၊ လေဆိပ်တွင် RDT နည်းဖြင့်စစ်ဆေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန်နှင့် စောင့်ဆိုင်းချိန်အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားရမည့်လုပ်ငန်းများ၊ ကျန်းမာရေးဝန်ထမ်းအင်အား ပိုမိုတိုးမြှင့်ကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးမည့်လုပ်ငန်းများ၊ အရည်အသွေး ပြည့်မှီသော RDT test kit များအသုံးပြု၍ စစ်ဆေးမည့် အစီအစဉ်များ၊ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများတွင် သတ်မှတ်ထားသောအထောက်အထား၊ စာရွက်စာတမ်းများ အပြည့်အဝပါရှိစေရေးနှင့် မှန်ကန်မှုရှိစေရေးအတွက် ကြိုတင်ညှိနှိင်းဆောင်ရွက်ထားရမည့် လုပ်ငန်းစဉ် များ၊ ခရီးသည်များအနေဖြင့် လိုအပ်သော သတင်းအချက်အလက်များအား သက်ဆိုင်ရာဌာနများမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ အသိပေးကြေညာရေးနှင့် အထွေထွေညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များ စသည်တို့ကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 29 April 2022
အကောက်တောင်သို့ ဘုရားဖူးလာသည့် လိုက်ထရပ်ယာဥ်တစ်စီး တောင်တက်လမ်းတွင် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာမှ ယာဥ်ပေါ်ပါသူ လူ ၃ ဦး သေဆုံးခဲ့ရပြီး ကလေးငယ်တစ်ဦး အပါအဝင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်တစ်ခု ဒီကနေ့ ဧပြီ ၂၉ ရက်၊ နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဘုရားဖူးယာဥ်ဟာ ကြံခင်းမြို့ ၊ ဘိလပ်မြေစက်ရုံမှ ဘုရားဖူးလာသော ကားဖြစ်ပြီး အကောက်တောင် တောင်တက်လမ်းတစ်ဝက်ခန့်တွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ပြုတ်ကျ၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကားပေါ်တွင် ကလေး၊ လူကြီးပေါင်း အမျိုးသမီး ၆ ဦး အမျိုးသား ၅ ဦး လိုက်ပါလာခဲ့ပြီး အမျိုးသမီးနှစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် ဆုံးပါးသွားခဲ့ပြီး အမျိုးသားတစ်ဦးမှာ ဆိပ်သာတိုက်နယ်ဆေးရုံအရောက်တွင် ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသားလူနာ နှစ်ဦး၊ အမျိုးသမီးလူနာ နှစ်ဦးနှင့်(ကလေးလူနာ တစ်ဦး)တို့ကိုလည်း ဆိပ်သာတိုက်နယ်ဆေးရုံမှတစ်ဆင့် ဟင်္သတ ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ရတယ်လို့လည်း ဒေသခံလူမှုကူညီရေးအသင်းက ဆိုပါတယ်။
ကျန်ဒဏ်ရာရရှိသူလေးဦးမှာတော့ ဆိပ်သာတိုက်နယ်ဆေးရုံတွင် ဆက်လက်ဆေးကုသမှုခံယူနေတယ်လို့လည်း သိရပါတယ်။
"ဝမ်းနည်းကြေကွဲစရာ အကောက်တောင် ကားအက်ဆီးဒင့်ဖြစ်စဥ်ပါ။ သူတို့က ကြံခင်းကလာတယ်လို့ သိရပါတယ်။ သေဆုံးသူရော ဒဏ်ရာရသူရောများခဲ့တဲ့ ဖြစ်စဥ်ပါ။ ဆေးရုံလွှဲပြောင်းပြီး ကုသမှုခံယူနေရတဲ့ လူနာတွေလည်း ဘေးမသီရန်မခပဲ ကျန်းမာစေဖို့ ဆုမွန်ကောင်းတောင်းပါတယ်။"လို့ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ဒေသခံလူမှုကူညီရေးအသင်းများက စုပေါင်း၍ ချောက်အတွင်းမှ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#DailyNews
Published -29 April 2022
၁။ ဒေါ်လာနှင့် စက်သုံးဆီဂယက်ကြောင့် ပြည်တွင်းကားစျေးနှုန်းတွေ မြင့်တက်လာ။
၂။ မွေးစမှ(၅)နှစ်အရွယ်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ပြန်လည်ထိုးနှံပေးရန်လို။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကိုလံဘီယာတိရိစ္ဆာန်ဥယျဉ်တွင် ရှားပါးသော အမောက်ဖြူမျောက်တစ်ကောင်မွေးဖွား...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 29 April 2022
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၀) ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး SEA Games တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၂၀၀၊ ကျပ်သိန်း ၁၀၀ ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ပြိုင်ပွဲတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း စိတ်ဓာတ်မမွေးဘဲ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုဆုတံဆိပ်ကို ရရှိနိုင်မှာဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ဝန်ကြီးဦမင်းသိန်းဇံက ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ နိုင်ငံ့ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမယ့် အားကစားသမားများအနေဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြင့်တက်စေရန်အတွက် ပြိုင်ပွဲတွင် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ခဲ့ကြရန်လည်း မှာကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမယ့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဆင့်မီပြီး အရည်အချင်းပြည့်ဝတဲ့ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ လူငယ်အားကစား လေ့ကျင့်ရေးစခန်းဖွင့်လှစ်ပြီး အားကစားသမားများကို ပြုစုပျိုးထောင်လေ့ကျင့်ပေးလျက်ရှိပါတယ်။
၂၀၂၂ ခုနှစ်၊ မတ်လတွင် ကာတာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် 19th Asian Billiards Championship ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သည့် မောင်ပေါက်စနှင့် 37th Asian Men's Snooker Championship ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သည့် မောင်အောင်ဖြိုးတို့ကို ဝန်ကြီးကဂုဏ်ပြုချီးမြှင့် ငွေကျပ် (၁၀) သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1717 of 1871