ကိုင်ရို/ပါရီ၊ မတ်လ ၂၈ (ရိုက်တာ) - အီရန်စစ်ပွဲစတင်ပြီးနောက်ပိုင်း သူတို့ရဲ့ ပထမဆုံးအကြိမ် တိုက်ခိုက် မှုအဖြစ် ယီမင်မှာရှိတဲ့ အီရန်လိုလားတဲ့ ဟူသီသူပုန်တွေက စနေနေ့မှာ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ် ခဲ့ပြီး တစ်ချိန်တည်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အမေရိကန်ပြည်ထောင်စု  အနေနဲ့ စစ်ဆင်ရေးတွေကို ရက်သတ္တပတ်အနည်းငယ်အတွင်း အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဟူသီတွေရဲ့ပါဝင်ပတ်သက်မှုဟာ ပဉ္စမမြောက် သီတင်းပတ်ကို ရောက်ရှိလာပြီဖြစ်တဲ့ စစ်ပွဲကို ပိုမို ကျယ်   ပြန့်လာစေဖို့နဲ့ ကြာရှည်လာစေဖို့ အန္တရာယ်ရှိနေပါတယ်။ မျက်နှာစာအားလုံးက "ကျူးကျော်မှု" တွေ မပြီး  ဆုံးမချင်း သူတို့ရဲ့စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဟူသီတွေက ပြောကြားခဲ့ပါတယ်။ ယီမင်ကပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးက ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ စတင်ခဲ့တဲ့ ဒီစစ်ပွဲဟာ အရှေ့အလယ်ပိုင်းတစ်ခွင်ကို ပျံ့နှံ့သွားခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးကာ စွမ်းအင်ထောက်ပံ့မှု  တွေကို အကြီးမားဆုံး အနှောင့်အယှက်ဖြစ်စေခဲ့သလို ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေပြီး ငွေကြေး  ဖောင်း  ပွလာမယ့်အရေး စိုးရိမ်မှုတွေကိုလည်း မြင့်တက်လာစေခဲ့ပါတယ်။

ဟူသီတွေဟာ ယီမင်နဲ့ အဝေးမှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိ

အီရန်နဲ့ "ခုခံရေးဝင်ရိုးတန်း (Axis of Resistance)" ကို  ဆန့်ကျင်တဲ့ အရှိန်မြှင့်တင်မှုလို့ သူတို့အမည်  ပေးထားတဲ့ လုပ်ရပ်တွေ စစ်ပွဲအတွင်း ဆက်လက်ရှိနေမယ်ဆိုရင် အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်ထား  တယ်လို့ ဟူသီတွေက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီအဖွဲ့ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နောက်ပိုင်း ဂါဇာက ဟားမတ်စ်တွေကို ထောက်ခံတဲ့ အနေနဲ့ လုပ်ဆောင်ခဲ့သလိုမျိုး ယီမင်နိုင်ငံနဲ့ အလွန်ဝေးကွာတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိပြီး အာရေဗျကျွန်းဆွယ်နဲ့ ပင်လယ်နီတဝိုက်က ရေကြောင်းသင်္ဘောလိုင်းတွေကို နှောင့်ယှက်နိုင်စွမ်းရှိတယ်   ဆိုတာကို ပြသခဲ့ပါတယ်။

တကယ်လို့ ဟူသီတွေက ပဋိပက္ခမှာ စစ်မျက်နှာသစ်တစ်ခု ဖွင့်မယ်ဆိုရင်၊ ထင်ရှားတဲ့ ပစ်မှတ်တစ်ခုက ယီမင်ကမ်းလွန်က ဘက်အယ်-မန်ဒက် (Bab al-Mandab) ရေလက်ကြားပဲ ဖြစ်ပါလိမ့်မယ်။ အီရန်က အရေးပါတဲ့ ဟော်မုဇ် (Hormuz) ရေလက်ကြားကို ထိရောက်စွာ ပိတ်ဆို့လိုက်ပြီးနောက် ဒါဟာ စူးအက်  တူးမြောင်းဆီကို ပင်လယ်ရေကြောင်းသွားလာမှုကို ထိန်းချုပ်ထားတဲ့ အဓိက သင်္ဘောသွားလာရေး အချက်အချာနေရာ ဖြစ်ပါတယ်။

ဟူသီတွေရဲ့ တိုက်ခိုက်မှုမတိုင်မီ သောကြာနေ့က ပြောကြားရာမှာ ရူဘီယိုက အမေရိကန်အစိုးရဟာ "သတ်မှတ်ချိန်အတိုင်း ဒါမှမဟုတ် သတ်မှတ်ချိန်ထက်စောပြီး" လုပ်ဆောင်နေပြီး စစ်ဆင်ရေးတွေကို "လနဲ့မချီစေဘဲ ရက်သတ္တပတ်အနည်းငယ်အတွင်း" အပြီးသတ်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါ  တယ်။

ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ထောက်ပံ့မှုရဲ့ ငါးပုံတစ်ပုံ ဖြတ်သန်းသွားလာရာ လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကတဆင့် ကုန်သွယ်မှုပြုခြင်းအားဖြင့် အကျိုးအမြတ်ရရှိနေတဲ့ ဥရောပနဲ့ အာရှ  နိုင်ငံတွေအနေနဲ့ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ရရှိရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ကူညီ  သင့်တယ်လို့ ပြင်သစ်နိုင်ငံက Group of Seven (ဂျီ-၇) မိတ်ဖက်တွေကိုလည်း ရူဘီယိုက ပြောကြားခဲ့ပါတယ်။

စစ်ပွဲဟာ အမေရိကန်နှင့် ဘေးဖယ်နေခဲ့ကြတဲ့ သူ့ရဲ့ အစဉ်အလာမဟာမိတ်တွေအကြား သပ်လျှိုခွဲခြား  သလို ဖြစ်စေခဲ့ပါတယ်။ ဒီလို ထောက်ခံမှုအားနည်းတာဟာ အနောက်အုပ်စုရဲ့ အရေးအကြီးဆုံး မဟာ  မိတ်အဖွဲ့ဖြစ်တဲ့ နေတိုး (NATO) အတွက် သက်ရောက်မှုတွေရှိတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့က သူတို့အတွက် အမြဲတမ်းရှိနေပေးမှာပါ။ ဒါပေမဲ့ အခု သူတို့ရဲ့ လုပ်ရပ်တွေအရဆိုရင် ကျွန်တော်တို့ ရှိနေပေးစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။ ဟုတ်တယ်မလား" လို့ ထရမ့်က သောကြာ နေ့မှာ မိုင်ယာမီက ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ "သူတို့က ကျွန်တော်တို့  အတွက် မရှိပေးရင် ကျွန်တော်တို့ကရော သူတို့အတွက် ဘာလို့ ရှိနေပေးရမှာလဲ၊ သူတို့က ကျွန်တော်တို့    အတွက် ရှိမနေပေးခဲ့ပါဘူး”လို့ထရမ့်ကပြောပါတယ်။

အမေရိကန်က ကာလကြာရှည်စွာ ဦးဆောင်လာခဲ့တဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ရဲ့ အခြေခံပဋိညာဉ်စာတမ်းမှာ အဖွဲ့ဝင်တစ်ဦးကို တိုက်ခိုက်ခြင်းဟာ အားလုံးကို တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပြီး အချင်းချင်း ပံ့ပိုးကူညီဖို့ လိုအပ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အမေရိကန်အနေနဲ့ မြေပြင်တပ်ဖွဲ့တွေ မပါဝင်ဘဲ သူ့ရဲ့ရည်မှန်းချက်တွေကို ရရှိနိုင်တယ်လို့ ရူဘီယိုက ပြောကြားခဲ့ပေမဲ့၊ တကယ်လို့များ အရေးပေါ်အခြေအနေတွေ ပေါ်ပေါက်လာခဲ့ရင်၊ သမ္မတအနေနဲ့ ချိန်ညှိ တုံ့ပြန်နိုင်ဖို့အတွက် အမြင့်ဆုံး အခွင့်အရေးနဲ့ ရွေးချယ်စရာလမ်းကြောင်းတွေ အများဆုံးရှိနေစေဖို့  ဒေ   သတွင်းကို တပ်ဖွဲ့အချို့ စေလွှတ်နေတယ်လို့ သူက ဝန်ခံခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ မရိန်းတပ်သား ထောင်ပေါင်းများစွာပါဝင်တဲ့ တပ်ဖွဲ့နှစ်ဖွဲ့ကို ဒေသတွင်းကို စေ  လွှတ်ခဲ့ပြီး ပထမတစ်ဖွဲ့က လာမယ့်ရက်ပိုင်းအတွင်း ကြီးမားတဲ့ ကမ်းတက်  တိုက်ခိုက်ရေးသင်္ဘောကြီးနဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်ကလည်း ထိပ်တန်းလေထီးစစ်သည် ထောင်ပေါင်းများ   စွာကို တပ်ဖြန့်ချထားမယ်လို့ မျှော်လင့်ရပါတယ်။

ဒီလို တပ်ချထားမှုတွေကြောင့် စစ်ပွဲဟာ ကြာရှည်တဲ့ မြေပြင်တိုက်ပွဲအဖြစ်ကို ပြောင်းလဲသွားနိုင်တယ်   ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။

ထရမ့်က စေ့စပ်ညှိနှိုင်းမှုတွေအကြောင်း ပြောဆိုနေစဉ်မှာပဲ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာ

ပဋိပက္ခ ပိုမိုကြာရှည်လာမယ်လို့ စိုးရိမ်မှုတွေကြောင့် သောကြာနေ့မှာ စတော့ဈေးကွက်တွေ သိသိသာ  သာ ထိုးကျသွားခဲ့ပြီး Brent ရေနံစိမ်းဈေးနှုန်းက ၁၁၂ ဒေါ်လာအထက်ကို ရောက်ရှိသွားကာ စစ်ပွဲ   စတင်  ချိန်ကစပြီး ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပါတယ်။

လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် နိုင်ငံရေးအရ ထရမ့်အထိနာနိုင်တဲ့ အမေရိကန်  ပြည် ထောင်စုရဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ဒီဇယ်ဆီဈေးနှုန်းဟာ တစ်ဂါလံကို ၇.၁၇ ဒေါ်လာအထိ စံချိန် တင် ပျမ်းမျှအမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ American Automobile Association (အမေရိကန် မော်  တော်ကားအသင်း) က ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ လူကြိုက်မများတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ စိတ်အားထက်သန်နေပုံရပြီး ပဋိပက္ခကို သံတမန်  ရေး အရ အဆုံးသတ်နိုင်ဖို့ ရည်ရွယ်ကာ အီရန်နဲ့ အကျိုးရှိတဲ့ စေ့စပ်ညှိနှိုင်းမှုတွေလို့ သူကဆိုတဲ့ အရာတွေ  ကို ဒီသီတင်းပတ်အတွင်း အလေးပေးပြောကြားခဲ့ပါတယ်။

ဝါရှင်တန်နဲ့ အဲဒီလို စေ့စပ်ညှိနှိုင်းမှုတွေ မရှိခဲ့ဘူးလို့ တီဟီရန်က ထပ်တလဲလဲ အခိုင်အမာ ပြောဆိုနေ ပေမဲ့၊ ပါကစ္စတန်၊ အီဂျစ်နဲ့ တူရကီတို့က စစ်ပွဲဖြစ်ပွားနေတဲ့ နှစ်ဖက်အကြား သတင်းစကားတွေ လက်ဆင့် ကမ်း ပေးပို့နေပါတယ်။

နောက်ကွယ်က ကြိုးပမ်းအားထုတ်မှုတွေကို သိရှိသူ နှစ်ဦးကတော့ မကြာခင်အချိန်အတွင်း တိုက်ရိုက်  ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာနိုင်ခြေအပေါ် သံသယရှိတယ်လို့ ပြောကြပါတယ်။

ကြာသပတေးနေ့မှာ ထရမ့်က အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့၊ မဖွင့်ရင် လျှပ်စစ်  ဓါတ်အားပေးစက်ရုံတွေနဲ့ အခြားစွမ်းအင် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရ ဖို့အတွက် နောက်ဆုံးသတ်မှတ်ရက်ကို ၁၀ ရက် ထပ်မံတိုးပေးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို ဆိုင်းငံ့  ထားစဉ်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ဆက်လက် ဗုံးကြဲတိုက်ခိုက်နေခဲ့ပါတယ်။

အီရန်ဟာ ညတွင်းချင်း အစ္စရေးကို ဒုံးကျည်တွေ အလုံးအရင်းနဲ့ ပစ်လွှတ်ခဲ့လို့ လူတစ်ဦး သေဆုံးခဲ့ပြီး၊ ကလက်စတာ ခဲယမ်းတွေနဲ့ ကြားဖြတ်ဟန့်တားခံရတဲ့ ဒုံးကျည်အပျက်အစီးတွေကြောင့် တဲလ်အဗစ် (Tel Aviv) ဒေသအတွင်း ထိခိုက်မှုတွေ အများကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံက လေတပ်စခန်းတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာမှာ အမေရိကန် စစ်မှုထမ်း ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးကတော့ ပြင်းထန်တယ်လို့ အမေရိကန် အရာရှိတစ်ဦးက သောကြာနေ့မှာ ရိုက်တာ  သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီအချိန် ပင်လယ်ကွေ့တစ်ဝိုက်မှာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဆက်လက်တိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘာရိန်းနိုင်ငံတို့က စနေနေ့အစောပိုင်းမှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုတွေကို သတင်းထုတ်ပြန်ခဲ့ပြီး၊ ပင်လယ်ကွေ့ရဲ့ အဓိက ရေနက်ကွန်တိန်နာ  ဆိပ်ကမ်း  တွေထဲက တစ်ခုဖြစ်တဲ့ အဘူဒါဘီက ခါလီဖာဆိပ်ကမ်း (Khalifa Port) အနီးမှာ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချပြီးနောက် လူငါးဦး ဒဏ်ရာရကာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံ အနောက်မြောက်ပိုင်း ဇန်ဂျန် (Zanjan) မြို့က လူနေအိမ်ယာတစ်ခုကို အမေရိကန်-အစ္စရေး ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် လူအနည်းဆုံး ငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အီရန်  မီဒီယာတွေက စနေနေ့အစောပိုင်းမှာ သတင်းဖော်ပြခဲ့ပါတယ်။ တီဟီရန်မြို့က အီရန်သိပ္ပံနဲ့ နည်းပညာ  တက္ကသိုလ် (Iran University of Science and Technology) လည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ မီဒီယာ   တွေက ဖော်ပြပါတယ်။

(သတင်းရင်းမြစ် - ရိုက်တာ)