၄ နိုဝင်ဘာ၊၂၀၂၆
အိုဟိုင်းယိုးတွင် ဒီမိုကရက် ရှယ်ရော့ဒ်ဘရောင်းက လွန်ခဲ့သည့်နှစ်နှစ်အထိ ဒုတိယသမ္မတ ဂျေဒီဗန့်စ် ရရှိထားခဲ့သည့် အမတ်နေရာကို အနိုင်ရခဲ့သည်။ တက္ကဆက်တွင် ပြည်နယ်လွှတ်တော်အမတ် ဂျိမ်းစ်တလာရီကိုက ရီပတ်ဘလီကန် ပြည်နယ်ရှေ့နေချုပ် ကန်ပက်စတန်ကို အနိုင်ရခဲ့သည်။ ယင်းပြည်နယ်နှစ်ခုစလုံးတွင် ထရမ့်သည် ၂၀၂၄ သမ္မတရွေးကောက်ပွဲ၌ ရာခိုင်နှုန်းအမှတ် ဆယ်မှတ်ကျော်အသာဖြင့် အနိုင်ရထားခဲ့သည်။
တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် ကလေးအထူးကုဆရာဝန် အန်နီအန်ဒရူးစ်က ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဒါလင်းဂရေဟမ်ကို အနိုင်ရခဲ့သည်။ ထရမ့်က ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးမှုများအတွင်း ပက်စတန်၊ ဂရေဟမ်နှင့် အိုဟိုင်းယိုးမှ ဂျွန်ဟတ်စတက်တို့ကို အားကြိုးမာန်တက် ထောက်ခံမဲဆွယ်ပေးခဲ့သော်လည်း အနိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ပေ။
ဒီမိုကရက်တို့၏ အောင်ပွဲသည် ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများအထိ ကျယ်ပြန့်ခဲ့သည်။ တက္ကဆက်၌ သက်တမ်းသုံးကြိမ်တာဝန်ထမ်းဆောင်ထားသည့် အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ကို ဒီမိုကရက် ဂျီနာဟီနိုဂျိုဆာက အနိုင်ရခဲ့ပြီး အိုင်အိုဝါနှင့် အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူး နေရာများကိုလည်း ဒီမိုကရက်များ ရရှိခဲ့သည်။
ဖလော်ရီဒါတွင်မူ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် အက်ရှလေမူဒီက ဒီမိုကရက် အန်ဂျီနစ်ဆင်ကို ရာခိုင်နှုန်းအမှတ် သုံးမှတ်ခန့်အသာဖြင့် ဦးဆောင်ခဲ့သည်။ ထရမ့်က ၂၀၂၄ ခုနှစ်တွင် ရာခိုင်နှုန်းအမှတ် ၁၃ မှတ်အသာဖြင့် အနိုင်ရခဲ့သည့်ပြည်နယ်၌ ယခုကဲ့သို့ မဲကွာဟချက် ကျဉ်းမြောင်းလာခြင်းသည် ဒီမိုကရက်များဘက်သို့ မဲဆန္ဒရှင်ထောက်ခံမှု ရွေ့လျားလာမှုကို ဖော်ပြနေ ကြောင်း Reuters သတင်းတွင် သုံးသပ်ထားသည်။
ရွေးကောက်ပွဲရလဒ်များတွင် ထရမ့်၏ စီးပွားရေးစီမံခန့်ခွဲမှု၊ နေထိုင်မှုစရိတ်ကြီးမြင့်မှုနှင့် ဖေဖော်ဝါရီလအတွင်း အီရန်ကို စစ်ဆင်နွှဲရန် ဆုံးဖြတ်ခဲ့မှုအပေါ် မဲဆန္ဒရှင်များ၏ မကျေနပ်မှု ထင်ဟပ်နေကြောင်း သတင်းတွင် ဖော်ပြသည်။ အီရန်စစ်ပွဲကြောင့် ဓာတ်ဆီဈေးနှုန်းများ သိသိ သာသာမြင့်တက်ခဲ့ပြီး မဲဆန္ဒရှင်များက နေထိုင်မှုကုန်ကျစရိတ်နှင့် ယင်းပြဿနာအပေါ် ထရမ့်၏ ကိုင်တွယ်ပုံကို စိုးရိမ်မကျေနပ်ကြောင်း စစ်တမ်းများတွင် ဖော်ပြခဲ့ကြသည်။
ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စဉ် မိမိကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်နေသကဲ့သို့ သဘောထားပြီး မဲပေးကြရန် ထောက်ခံသူများကို ထရမ့်က တိုက်တွန်းခဲ့သည်။ သို့သော် ရီပတ်ဘလီကန်များ လွှတ်တော် အများစုနေရာများ ဆုံးရှုံးနိုင်ကြောင်း ထင်ရှားလာသည့် ရွေးကောက်ပွဲည၌ မိမိသည် မဲစာရင်းပေါ်တွင် ဝင်ရောက်ယှဉ်ပြိုင်သူမဟုတ်ကြောင်း၊ မိမိပါဝင်ခဲ့ပါက အပြတ်အသတ်အနိုင်ရမည်ဖြစ်ကြောင်း လူမှု ကွန်ရက်တွင် ရေးသားခဲ့သည်။
သတင်းရင်းမြစ် — Reuters