#World_Science
Published 21 April 2023

 

SpaceX မှ Starship အာကာသယာဉ်ဟာ တည်ဆောက်ခဲ့သမျှထဲမှာ စွမ်းအားအကြီးဆုံးဒုံးပျံဖြစ်ပြီး ကြာသပတေးနေ့က ပထမဆုံးစမ်းသပ်ပျံသန်းမှုပြုလုပ်ခဲ့ကာ သမိုင်းတစ်ခုဖန်တီးခဲ့ပါတယ်။

 

ထိုအာကာသယာဉ်ဟာ အာကာသယာဉ်မှူးတွေကို လဂြိုဟ်၊ အင်္ဂါဂြိုဟ်များသို့ စေလွှတ်ရန်ဆောက်လုပ်ထားတာဖြစ်ပါတယ်။

 

ဒါပေမဲ့ ဒုံးပျံဟာ ပထမခွဲထွက်အဆင့်မှာပဲ ပေါက်ကွဲသွားခဲ့ပါတယ်။

 

Starship ထိပ်ဖူးဟာ ပျံသန်းပြီး ၃ မိနစ်အတွင်း ပထမအဆင့်ခွဲထွက်ရန် စီစဉ်ထားပေမယ့် မအောင်မြင်ခဲ့ဘဲ ပေါက်ကွဲသွားခဲ့ပါတယ်။

 

ဒုံးပျံကြီးဟာ တက္ကဆပ် ဘိုကာချီကာ SpaceX အာကာသဆိပ်ရှိ Starbase ကနေ စံတော်ချိန် မနက် ၈ နာရီ ၃၃ မိနစ်မှာ စတင်ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

 

စမ်းသပ်ပျံသန်းမှုက သိပ်ပြီးစိတ်လှုပ်ရှားစရာ မကောင်းခဲ့သလို ခွဲထွက်ခြင်းအဆင့်မတိုင်မီ မမျှော်လင့်ဘဲ ပေါက်ကွဲသွားခဲ့ပါတယ်လို့ SpaceX က တွစ်တာမှာဖော်ပြထားပါတယ်။

 

စမ်းသပ်ပစ်လွှတ်မှု ပေါက်ကွဲခဲ့ပေမယ့် SpaceX ကတော့ ဒါကိုအောင်မြင်တယ်လို့ ကြေညာခဲ့ပါတယ်။

 

"ဒီလိုစမ်းသပ်မှုကနေ လေ့လာမှတ်သားပြီး Starship ရဲ့ ယုံကြည်စိတ်ချရမှုကို တိုးတက်အောင် အကူအညီပေးနိုင်လိမ့်မယ်" လို့ ဖော်ပြခဲ့ပါတယ်။

 

SpaceX စီအီးအို'အီလွန်မက်စ်'က ဒုံးပျံပစ်လွှတ်မှုနဲ့ပတ်သက်ပြီး အဖွဲ့သားအားလုံးကို ဂုဏ်ပြုလိုက်ကာ နောက်ထပ်စမ်းသပ်ပစ်လွှတ်မှုအတွက် အရေးပါတဲ့အချက်အလက်တွေ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

 

စမ်းသပ်ပစ်လွှတ်မှုကို တနင်္လာနေ့က ပြုလုပ်ဖို့စီစဉ်ခဲ့ပေမယ့် နည်းပညာပိုင်းဆိုင်ရာပြဿနာကြောင့် နောက်ဆုံးမိနစ်ကျမှ ရွှေ့ဆိုင်းခဲ့ရပါတယ်။

 

အေးခဲနေတဲ့အဆို့ရှင်ကြောင့် ဖိအားပြဿနာပေါ်ပေါက်ခဲ့ရတာ ဖြစ်ပါတယ်။

 

ကြာသပတေးနေ့က ပစ်လွှတ်မှုမှာ အားလုံးအဆင်ပြေခဲ့ပါက Booster 7 ဟာ လွှတ်တင်ပြီးနောက် ၈ မိနစ်အကြာမှာ မက္ကဆီကိုပင်လယ်ကွေ့သို့ ပြုတ်ကျမှာဖြစ်ပါတယ်။

 

Ship 24 က အာကာသထဲဝင်ရောက်ကာ ကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းတစ်ခုမှာ လည်ပတ်ရမှာဖြစ်ပါတယ်။

 

ပစ်လွှတ်ပြီး မိနစ် ၉၀ အကြာမှာတော့ ဟာဝိုင်အီအနီး ပစိဖိတ်သမုဒ္ဒရာအတွင်း ပြုတ်ကျရမှာဖြစ်ပါတယ်။

 

ပေ ၂၃၀ မြင့်တဲ့ Super Heavy booster ဒုံးပျံပေါ်မှာ ၁၆၄ ပေမြင့်တဲ့ Starship အာကာသယာဉ်ရှိပြီး အာကာသယာဉ်မှူးများနဲ့ ကုန်များတင်ဆောင်ရန် ဖန်တီးထားတာဖြစ်ပါတယ်။

 

ထိုနှစ်ဆင့်ပေါင်း အာကာသယာဉ်ကြီးဟာ ၃၉၄ ပေဖြင့် လွတ်လပ်ရေးလစ်ဘာတီကျောက်တိုင်ကြီးထက် ပိုမြင့်ပါတယ်။

 

ပစ်လွှတ်မှုက အလွန်အန္တရာယ်များပြီး ဧရာမဒုံးပျံကို ပထမဆုံးပစ်လွှတ်ဖို့ အခက်အခဲများရှိခဲ့ကာ ပျက်ကျဖို့အခွင့်အရေးအလွန်များခဲ့ပါတယ်လို့ အီလွန်မက်စ်ကဆိုပါတယ်။

 

Starship ဟာ နာဆာရဲ့အာကာသယာဉ်ထက် ပိုမိုကြီးမားပြီး ပတ်လမ်းကြောင်းထဲမှာ ၁၀၀ မက်ထရစ်တန်ချိန်ကို သယ်ဆောင်ထားနိုင်မှာဖြစ်ပါတယ်။

 

Source: WION #World_Science #SpaceX #အာကာသဒုံးပျံယာဉ် #မိနစ်ပိုင်းအတွင်းပေါက်ကွဲ #YMG #Yangon_Media_Group