#World_Health
Published 27 August 2024


▪️ မျောက်ကျောက်ရောဂါကို WHO ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေး အခြေအနေအဖြစ် ကြေညာလိုက်ကာ နိုင်ငံအများအပြားမှာ အတော်လေး သတိပေးလာကြပါတယ်။

 

▪️ မျောက်ကျောက်ရောဂါဟာ နိုင်ငံပေါင်း ၁၁၆ နိုင်ငံကျော်မှာ ကူးစက်ပျံ့နှံ့နေပြီး ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ဆင်တူတဲ့ပုံ ရှိပါတယ်။

 

▪️ ဒါပေမဲ့ ကိုဗစ်လိုမျိုး ကပ်ရောဂါဘေးတော့ ဖြစ်လာနိုင်ခြေ သိပ်မရှိဘူးလို့ WHO အရာရှိတစ်ဦးက ဆိုပါတယ်။

 

▪️ မျောက်ကျောက်နဲ့ ကိုဗစ်-၁၉ တို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ ကွဲပြားကြသလို ဗိုင်းရပ်စ်မျိုးနွယ်တွေကလည်း သူ့ဟာနဲ့သူ ရှိကြပါတယ်။

 

▪️ မျောက်ကျောက်ဗိုင်းရပ်စ်က အော်သိုပေါက်စ်ဗိုင်းရပ်စ်မျိုး အဖွဲ့ဝင်ဖြစ်ပြီး ကျောက်ရောဂါဖြစ်စေတဲ့ ဗေရီယိုလာ ဗိုင်းရပ်စ်မျိုးဝင်ဖြစ်ကာ ဒီအင်န်အေအမျိုးအစား ဗိုင်းရပ်စ်ဖြစ်ပါတယ်။

 

▪️ မျောက်ကျောက်ဗိုင်းရပ်စ်က ဆင့်ကဲပြောင်းလဲမှုနှုန်း နှေးတာကြောင့် မျိုးဗီဇပြောင်းလဲမှု နှေးနိုင်ပါတယ်။

 

▪️ မျောက်ကျောက်ဗိုင်းရပ်စ်မှာ အဓိကမျိုးဗီဇကွဲနှစ်မျိုးက အာဖရိကအလယ်ပိုင်းက clade 1b နဲ့ အနောက်အာဖရိကမှ clade 2 တို့ ဖြစ်ပါတယ်။

 

▪️ ကိုဗစ်-၁၉ ကတော့ SARS-CoV-2 ဗိုင်းရပ်စ်ကြောင့်ဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်ဝင် ဖြစ်ပါတယ်။

 

▪️ အာရ်အင်န်အေဗိုင်းရပ်စ် အမျိုးအစားဖြစ်ပြီး ဆင့်ကဲပြောင်းလဲမှုနှုန်း မြန်တာကြောင့် မျိုးဗီဇကွဲအများအပြား ထွက်ပေါ်ခဲ့ပါတယ်။

 

▪️ ဒါကြောင့်ပဲ ကာကွယ်ဆေးထုတ်လုပ်ရာမှာ စောင့်ကြည့်ပြုပြင်မှုများ အဆက်မပြတ် ပြုလုပ်နေရပါတယ်။

 

▪️ ယင်းဗိုင်းရပ်စ်ကြီး ၂ ခုရဲ့ အဓိကကွာခြားချက်က ဆင့်ကဲပြောင်းလဲမှုနှုန်းနဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။

 

▪️ မျောက်ကျောက်ရဲ့ လက္ခဏာတွေထဲမှာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ခါးကိုက်ခြင်း၊ အဖုအကျိတ်များ ရောင်ရမ်းခြင်း၊ ချမ်းတုန်ခြင်း၊ နွမ်းနယ်ခြင်းတို့ ဖြစ်တတ်ကာ အဓိကအားဖြင့် အရေပြားမှာ အဖုအပိမ့်တွေ ထွက်တာပါပဲ။

 

▪️ ကိုဗစ်လက္ခဏာတွေကတော့ အမျိုးမျိုးဖြစ်နိုင်ပြီး အဓိကအားဖြင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အနံ့အရသာပျောက်ခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်တတ်ပါတယ်။

 

▪️ မျောက်ကျောက်ရောဂါက ရောဂါကူးစက်ထားတဲ့ လူသားနဲ့ တိရိစ္ဆာန်တို့ရဲ့ အရည်၊ အဖု၊ အနာတို့ကို တိုက်ရိုက်ထိတွေ့ခြင်းကြောင်း ဖြစ်နိုင်သလို မျက်နှာချင်းဆိုင် စကားပြောရင်း အသက်ရှူလမ်းကြောင်းမှ ထွက်လာတဲ့ အမှုန်အမွှားများကနေလည်း ကူးစက်နိုင်ပါတယ်။

 

▪️ ကိုဗစ်ရောဂါကတော့ ကူးစက်သူ ချောင်းဆိုးနှာချေတဲ့အခါ အသက်ရှူထုတ်တဲ့အခါ ပျံ့ထွက်လာတဲ့ အမှုန်အမွှားတွေကနေ အဓိကကူးစက်သလို ဗိုင်းရပ်စ်ထိတွေ့ထားတဲ့ အရာဝတ္ထုတွေကို ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်ပါတယ်။

 

▪️ မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ပြီးနောက် ၅ ရက်မှ ၂၁ ရက်အတွင်း ရောဂါဖြစ်နိုင်ကာ ကိုဗစ်ကတော့ ဗိုင်းရပ်စ်ကူးစက်ပြီး ၂ ရက်မှ ၁၄ ရက်အတွင်း ရောဂါစတင်ဖြစ်ပွားတတ်ပါတယ်။

 

▪️ မျောက်ကျောက်ရောဂါက မျိုးကွဲပေါ်မူတည်ပြီး သေဆုံးမှုနှုန်း ၁ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား ရှိကာ အများစုက အတော်အသင့်သာ ရောဂါခံစားရပြီး သက်သာသွားတတ်ပါတယ်။

 

▪️ ကိုဗစ်ရဲ့ ရောဂါအခြေအနေကတော့ အမျိုးမျိုး ဖြစ်နိုင်ကာ အသက်အရွယ်၊ ရောဂါအခံ၊ ကျန်းမာရေး စောင့်ရှောက်မှုတို့အပေါ် မူတည်ပြီး အသက်အန္တရာယ် ကွဲပြားနိုင်ပါတယ်။

 

▪️ မျောက်ကျောက်ရောဂါအတွက် အဓိကကာကွယ်ဆေးအနေဖြင့် JYNNEOS နဲ့ ACAM2000 တို့အသုံးပြုနေပြီး ကျန်းမာရေးအာဏာပိုင်များမှ အသိအမှတ်ပြုထားပါတယ်။

 

▪️ ကိုဗစ်အတွက် ကာကွယ်ဆေးတွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ထားကာ ကိုဗီရှီးလ်၊ ကိုဗက်ဆင်း၊ နိုဗာဗက်စ်၊ ဖိုင်ဇာ၊ မိုဒိုနာစသဖြင့် အမှတ်တံဆိပ်တွေ ရှိနေပါတယ်။

 

▪️ မျောက်ကျောက်ဗိုင်းရပ်စ်ကို ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သလို မကြာခဏ လက်ဆေးခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိခြင်း၊ လူတွေနဲ့ မထိမတွေ့ခြင်းတို့ဖြင့်လည်း ကာကွယ်နိုင်ပါတယ်။


ကိုဗစ်ရောဂါက သီးခြားနေထိုင်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ သန့်ရှင်းစွာနေထိုင်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။

 

#Source: India Today