#World_Health
Published 04 November 2026

■ တကယ်တော့ လက်သည်းတွေဟာ အလှအပအတွက်ပဲ မဟုတ်ပါဘူး။ လက်သည်းရဲ့ အရောင်ပြောင်းလဲတာ၊ အထူအပါးမညီတာ၊ အက်ကွဲတာနဲ့ ပုံစံပြောင်းလဲတာတွေက ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေးပြဿနာတချို့ကို အစောပိုင်းကတည်းက သတိပေးနေတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

■ ပုံမှန်ကျန်းမာတဲ့ လက်သည်းတွေဆိုရင် ချောမွေ့တယ်၊ ခိုင်ခံ့တယ်၊ အရောင်လည်း ညီညာနေတတ်ပါတယ်။

■ ဒါပေမဲ့ လက်သည်းမှာ အကြောင်းမရှိဘဲ အရောင်ပြောင်းလာတာ၊ အစင်းကြောင်းတွေ ပေါ်လာတာ၊ ကြွပ်ဆတ်လာတာမျိုးတွေရှိရင်တော့ သတိထားသင့်ပါတယ်။

■ တချို့က ရေဓာတ်နည်းတာ၊ အာဟာရဓာတ်ချို့တဲ့တာကြောင့်ဖြစ်နိုင်ပေမဲ့ တချို့လက္ခဏာတွေကတော့ ပိုပြီးအရေးကြီးတဲ့ ရောဂါတွေနဲ့လည်းဆက်စပ်နေနိုင်ပါတယ်။

■ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ Giuseppe Aragona ကတော့ လက်သည်းမှာ ပြောင်းလဲမှုတစ်ခုခုတွေ့ရုံနဲ့ ရောဂါတစ်ခုခုရှိနေပြီလို့ တန်းမသတ်မှတ်သင့်ဘဲ တခြားလက္ခဏာတွေနဲ့ပါ တွဲဖက်စဉ်းစားဖို့ အရေးကြီးတယ်လို့ပြောထားပါတယ်။

■ ဒါဆို လက်သည်းမှာ ဘယ်လိုပြောင်းလဲမှုတွေဖြစ်ရင် ဘယ်လိုကျန်းမာရေးပြဿနာတွေကို သတိထားသင့်လဲ ကြည့်လိုက်ရအောင်ပါ။

■ ■ ၁။ လက်သည်းဝါလာခြင်း (Yellow Nails)

■ လက်သည်းတွေ ဝါလာတာဟာ အများအားဖြင့် မှိုစွဲခြင်းကြောင့်ဖြစ်တတ်ပါတယ်။

■ အထူးသဖြင့် လက်သည်းတွေထူလာတာ၊ ကြီးထွားနှုန်းနှေးလာတာတွေနဲ့ တွဲဖြစ်နေတယ်ဆိုရင် မှိုစွဲတာဖြစ်နိုင်ခြေပိုများပါတယ်။

■ ရှားရှားပါးပါးအနေနဲ့တော့ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ ပြန်ရည်ကြောစနစ်ဆိုင်ရာ ပြဿနာတွေကြောင့်လည်း လက်သည်းဝါလာနိုင်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်တခြားနေရာတွေမှာပါ ရောင်ရမ်းဖောင်းလာတာမျိုး ရှိရင် ပိုသတိထားသင့်ပါတယ်။

■ ■ ၂။ လက်သည်းကြွပ်ဆတ်ခြင်း၊ ပါးလာခြင်းနဲ့ အက်ကွဲခြင်း

■ လက်သည်းလေးတွေ အလွယ်တကူ ကျိုးတာ၊ အက်ကွဲတာ၊ ပါးလွှာလာတာမျိုး ဖြစ်နေပါသလား။

■ ဒီလိုဖြစ်တာဟာ ရေ၊ ဆပ်ပြာနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို မကြာခဏ ထိတွေ့နေရတာကြောင့် ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှလည်း လက်သည်းတွေ ကြွပ်ဆတ်လာတတ်ပါတယ်။

■ ဒါ့အပြင် အာဟာရဓာတ်ချို့တဲ့မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။

■ ■ ၃။ လက်သည်းဖြူဖျော့လာခြင်း (Pale or White Nails)

■ တချို့လူတွေမှာ လက်သည်းအရောင်က သဘာဝအတိုင်း ဖြူဖျော့နေတတ်ပါတယ်။

■ ဒါပေမဲ့ အရင်ကထက် လက်သည်းအောက်ခြေ အသားရောင်တွေ သိသိသာသာ ဖြူဖျော့လာတယ်ဆိုရင် သွေးအားနည်းရောဂါ (Anaemia) ရှိမရှိ စစ်ဆေးသင့်ပါတယ်။

■ လက်သည်းတစ်ခုလုံး ဖြူဖွေးနေပြီး အနားသတ်နေရာတွေမှာ ပိုမိုညိုမည်းနေတာမျိုးဆိုရင်လည်း အသည်းရောဂါနဲ့ ဆက်စပ်နိုင်ပါတယ်။

■ ဒါပေမဲ့ ဒီလိုလက္ခဏာမျိုးဟာ အများအားဖြင့် အသည်းရောဂါ ပိုမိုပြင်းထန်လာတဲ့ အဆင့်တွေမှာ တွေ့ရတတ်တာပါ။

■ ■ ၄။ လက်သည်းပေါ်မှာ အမည်းရောင်အစင်းကြောင်းတွေ ပေါ်လာခြင်း

■ ဒီလက္ခဏာကိုတော့ အထူးသတိထားဖို့ လိုပါတယ်။

■ လက်သည်းပေါ်မှာ အမည်းရောင် ဒါမှမဟုတ် အညိုရောင် အစင်းကြောင်းတွေ ပေါ်လာပြီး အရင်ကမရှိဘဲ အသစ်ဖြစ်လာတာ၊ တဖြည်းဖြည်း ကျယ်လာတာ၊ ပုံစံမညီမညာဖြစ်လာတာမျိုးရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

■ ဒီလိုအမည်းရောင်အစင်းတွေဟာ ထိခိုက်ဒဏ်ရာရတာ၊ ဆေးဝါးတချို့ရဲ့ သက်ရောက်မှု၊ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။

■ ဒါပေမဲ့ တချို့အခြေအနေတွေမှာတော့ လက်သည်းအောက်မှာ ဖြစ်ပေါ်တဲ့ အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့ Melanoma ရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အသစ်ပေါ်လာတဲ့ အမည်းရောင်အစင်းတွေကို ပေါ့ပေါ့ဆဆ မထားသင့်ပါဘူး။

■ ■ ၅။ လက်သည်းပေါ်မှာ အဖြူစက်လေးတွေ ပေါ်လာခြင်း

■ လက်သည်းပေါ်မှာ အဖြူစက်လေးတွေ ပေါ်လာရင် ကယ်လ်စီယမ်ဓာတ်ချို့တဲ့လို့ နို့ပိုသောက်ရမယ်လို့ လူတော်တော်များများ ထင်တတ်ကြပါတယ်။

■ တကယ်တော့ ဒီအယူအဆက မမှန်ပါဘူး။

■ အဖြူစက်လေးတွေဟာ အများအားဖြင့် လက်သည်းအသစ်ဖြစ်ပေါ်တဲ့ နေရာ (Nail Matrix) ကို အနည်းငယ် ထိခိုက်မိတာကြောင့်ဖြစ်တတ်ပါတယ်။

■ ဥပမာ လက်သည်းကို မတော်တဆ ဆောင့်မိတာ၊ ဖိမိတာမျိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အဖြူစက်လေးတွေ ပေါ်လာတိုင်း အာဟာရဓာတ်ချို့တဲ့နေတယ်လို့ မဆိုနိုင်ပါဘူး။

■ လက်သည်းပြောင်းလဲမှုတွေကို သတိထားဖို့ ဘာကြောင့်အရေးကြီးတာလဲ။

■ လက်သည်းမှာ ဖြစ်ပေါ်တဲ့ ပြောင်းလဲမှုတိုင်းဟာ ရောဂါရှိနေတယ်လို့ မဆိုလိုပါဘူး။ တချို့က အသက်အရွယ်ကြောင့်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေကြောင့် ဖြစ်တတ်ပါတယ်။

■ ဒါပေမဲ့ အကြောင်းမရှိဘဲ လက်သည်းအရောင်ပြောင်းလာတာ၊ ပုံစံပျက်လာတာ၊ အမည်းရောင်အစင်းအသစ်တွေ ပေါ်လာတာမျိုးတွေကိုတော့ လျစ်လျူမရှုသင့်ပါဘူး။

■ အထူးသဖြင့် အမည်းရောင်အစင်းအသစ်တွေ ပေါ်လာခြင်း၊ လက်သည်းပုံစံနဲ့ အရောင်တွေ ဆက်တိုက်ပြောင်းလဲနေခြင်းတို့ရှိရင် ဆရာဝန်နဲ့ စောစီးစွာ ပြသစစ်ဆေးဖို့ လိုပါတယ်။

■ သတိပြုရန်။ လက်သည်းကိုကြည့်ရုံနဲ့ ရောဂါအတိအကျ မသတ်မှတ်နိုင်ပါဘူး။ လိုအပ်ရင် သွေးစစ်ခြင်းနဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။

■ ကျန်းမာရေးဆိုတာ ကြီးမားတဲ့ လက္ခဏာတွေ ပေါ်လာမှ ဂရုစိုက်ရတာ မဟုတ်ပါဘူး။ နေ့စဉ်မြင်တွေ့နေရတဲ့ လက်သည်းလေးတွေရဲ့ ပြောင်းလဲမှုကိုလည်း သတိထားစောင့်ကြည့်ခြင်းက ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တဲ့ နည်းလမ်းတစ်ခုပါပဲ။

Source-Metro