#World_Health
Published 03 November 2026

■ ဂိမ်းဆော့ရင်း နာရီပေါင်းများစွာ ထိုင်နေတတ်သလား။ ဒါမှမဟုတ် Netflix လို OTT Platform တွေမှာ ဇာတ်လမ်းတွဲတွေကို တစ်ပိုင်းပြီးတစ်ပိုင်း အဆက်မပြတ် ကြည့်တတ်သလား။

■ ဒီလိုအချိန်ကြာကြာ မလှုပ်မယှက်ထိုင်နေခြင်းဟာ ကျန်းမာရေးအတွက် ထင်ထားတာထက် ပိုပြီး အန္တရာယ်ရှိနိုင်တယ်လို့ သွေးကြောဆိုင်ရာ အထူးကုဆရာဝန်တွေက သတိပေးလိုက်ပါတယ်။

■ အထူးသဖြင့် ခြေထောက်မှာ သွေးခဲဖြစ်ပေါ်တဲ့ Deep Vein Thrombosis (DVT) လို့ခေါ်တဲ့ ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

■ ၂၀၂၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သုတေသနတစ်ခုအရ အထိုင်များတဲ့ လူနေမှုပုံစံရှိသူတွေဟာ အထိုင်နည်းသူတွေထက် သွေးပြန်ကြောအတွင်း သွေးခဲဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိထားပါတယ်။

■ ဒါ့အပြင် တစ်နေ့တာအတွင်း ထိုင်ချိန် တစ်နာရီတိုးလာတိုင်း သွေးခဲဖြစ်နိုင်ခြေ ၂ ရာခိုင်နှုန်းခန့် တိုးလာနိုင်တယ်လို့လည်း လေ့လာမှုမှာ ဖော်ပြထားပါတယ်။

■ အချိန်ကြာကြာ ထိုင်နေတာက ဘာကြောင့် အန္တရာယ်ရှိတာလဲ။

■ ဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်တာ၊ ဇာတ်လမ်းတွဲတွေ အဆက်မပြတ်ကြည့်တာတွေဟာ အပန်းဖြေဖို့ လုပ်ဆောင်ကြတာဖြစ်လို့ အန္တရာယ်ရှိမယ်လို့ လူအများစုက မထင်တတ်ကြပါဘူး။

■ ဒါပေမဲ့ နာရီပေါင်းများစွာ မထဘဲ ထိုင်နေမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။

■ အထူးသဖြင့် Deep Vein Thrombosis (DVT) ဆိုတာ ခန္ဓာကိုယ်ရဲ့ နက်ရှိုင်းတဲ့ သွေးပြန်ကြောတွေ၊ အများအားဖြင့် ခြေထောက်သွေးပြန်ကြောတွေထဲမှာ သွေးခဲဖြစ်ပေါ်လာတဲ့ ရောဂါဖြစ်ပါတယ်။

■ ဒီသွေးခဲဟာ သွေးစီးဆင်းမှုကို ပိတ်ဆို့စေနိုင်ပါတယ်။ ပိုပြီးအန္တရာယ်ရှိတာက သွေးခဲတစ်စိတ်တစ်ပိုင်း ပြုတ်ထွက်ပြီး အဆုတ်ဆီ ရောက်သွားတဲ့အခါ Pulmonary Embolism လို့ခေါ်တဲ့ အဆုတ်သွေးကြောပိတ်ခြင်း ဖြစ်လာနိုင်တာပါ။

■ ဒီအခြေအနေဟာ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။

■ သွေးကြောဆိုင်ရာ အထူးကုတွေ ရှင်းပြထားတာကတော့ ခြေသလုံးကြွက်သားတွေဟာ ခြေထောက်က သွေးတွေကို နှလုံးဆီပြန်ရောက်အောင်ကူညီပေးတဲ့ သဘာဝပန့်တစ်ခုလို အလုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်။

■ လမ်းလျှောက်တဲ့အခါ၊ ခြေထောက်လှုပ်ရှားတဲ့အခါ ခြေသလုံးကြွက်သားတွေ ကျုံ့လိုက်၊ ဖြေလျှော့လိုက်ဖြစ်ပြီး သွေးတွေကိုအပေါ်ဘက်ဆီ ပြန်ပို့ပေးပါတယ်။

■ ဒါပေမဲ့ အချိန်ကြာကြာ ထိုင်နေပြီး ခြေထောက်ကို မလှုပ်မယှက်ထားတဲ့အခါ ဒီကြွက်သားတွေရဲ့ လုပ်ဆောင်မှု လျော့နည်းသွားပါတယ်။ အဲဒီအခါ သွေးစီးဆင်းမှု နှေးကွေးပြီး သွေးခဲဖြစ်ပေါ်နိုင်ခြေ မြင့်တက်လာနိုင်တာပါ။

■ လူငယ်တွေမှာလည်း သွေးခဲဖြစ်နိုင်သလား။

■ အရင်တုန်းက DVT ဆိုရင် အသက်ကြီးသူတွေ၊ ဆေးရုံတက်နေရသူတွေ၊ အိပ်ရာထဲမှာ အချိန်ကြာကြာ လဲလျောင်းနေရသူတွေမှာ အဖြစ်များတယ်လို့ ယူဆခဲ့ကြပါတယ်။

■ ဒါပေမဲ့ အခုအခါ ဂိမ်းဆော့တာ၊ ကွန်ပျူတာအသုံးပြုတာ၊ Online သင်ခန်းစာတက်တာနဲ့ OTT ကြည့်တာတွေကြောင့် လူငယ်တွေမှာလည်း အချိန်ကြာကြာ မလှုပ်မယှက် ထိုင်နေတဲ့ အလေ့အကျင့်တွေ များလာပါတယ်။

■ VSI-ASVS 2026 ညီလာခံကို နယူးဒေလီမြို့မှာ အောက်တိုဘာ ၈ ရက်ကနေ ၁၀ ရက်အထိ ကျင်းပနေစဉ် သွေးကြောဆိုင်ရာ အထူးကုတွေက ဒီပြဿနာကို အလေးထား ဆွေးနွေးခဲ့ကြပါတယ်။

■ အဲဒီညီလာခံရဲ့ အတွင်းရေးမှူးနဲ့ နယူးဒေလီ Max Hospital ရဲ့ သွေးကြောနှင့် သွေးကြောအတွင်း ခွဲစိတ်ကုသရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Tapish Sahu က 
“လူငယ်တစ်ယောက်ဟာ ဂိမ်းဆော့တာဖြစ်ဖြစ်၊ OTT ဇာတ်လမ်းတွဲတွေ ကြည့်တာဖြစ်ဖြစ် ၄ နာရီ၊ ၅ နာရီ၊ ၆ နာရီလောက် ဆက်တိုက်ထိုင်နေမယ်ဆိုရင် ခြေသလုံးကြွက်သားတွေက သွေးပြန်ပို့ပေးတဲ့ ပန့်တစ်ခုအနေနဲ့ အလုပ်လုပ်နိုင်မှု အလွန်နည်းသွားပါတယ်။ ဒါကြောင့် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုတဲ့ နေ့စဉ်ဘဝထဲမှာ လှုပ်ရှားအနားယူချိန်တွေကို မဖြစ်မနေ ထည့်သွင်းဖို့ လိုပါတယ်” လို့ ပြောပါတယ်။

■ အသက်ငယ်သေးတာကြောင့် သွေးခဲရောဂါ မဖြစ်နိုင်ဘူးလို့ မယူဆသင့်ကြောင်းလည်း သတိပေးထားပါတယ်။

■ ထိုင်နေတာက ဆေးလိပ်သောက်တာနဲ့ တူသလား။

■ “ထိုင်နေတာဟာ ခေတ်သစ်ဆေးလိပ်သောက်ခြင်းပဲ” ဆိုတဲ့ စကားကို အထိုင်များတဲ့ လူနေမှုပုံစံရဲ့ ကျန်းမာရေးအန္တရာယ်ကို သတိပေးဖို့ မကြာခဏ အသုံးပြုကြပါတယ်။

■ ဒါပေမဲ့ ဆရာဝန်တွေက ဒီစကားကို အဓိပ္ပာယ်ကောက်ယူရာမှာ သတိထားဖို့ ပြောထားပါတယ်။

■ အမှန်တကယ်တော့ အချိန်ကြာကြာ ထိုင်နေခြင်းနဲ့ ဆေးလိပ်သောက်ခြင်းဟာ သိပ္ပံနည်းကျအရ တူညီတဲ့ အရာတွေ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ နည်းလမ်းတွေလည်း မတူညီကြပါဘူး။

■ ၂၀၂၄ ခုနှစ် သုတေသနမှာ ဖော်ပြထားတဲ့ သွေးခဲဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း မြင့်တက်တယ်ဆိုတာဟာ အထိုင်အများဆုံးသူတွေနဲ့ အထိုင်နည်းဆုံးသူတွေကို နှိုင်းယှဉ်ထားတာ ဖြစ်ပါတယ်။

■ တစ်နေ့ကို ၄ နာရီထိုင်တာဟာ ဆေးလိပ် ၄ လိပ်သောက်တာနဲ့ တူညီတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

■ အဓိကသတိပေးချင်တာကတော့ အချိန်ကြာကြာ မလှုပ်မယှက်ထိုင်နေခြင်းဟာ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ လူနေမှုပုံစံနဲ့ ပေါင်းစပ်သွားတဲ့အခါ ကျန်းမာရေးအန္တရာယ်တွေဖြစ်လာနိုင်တယ်ဆိုတာပါပဲ။

■ ယနေ့ခေတ်မှာ လူငယ်တွေဟာ ကျောင်းတက်ချိန်၊ အွန်လိုင်းသင်ခန်းစာတက်ချိန်၊ ကွန်ပျူတာအလုပ်လုပ်ချိန်၊ ဂိမ်းဆော့ချိန်နဲ့ ဇာတ်လမ်းတွဲကြည့်ချိန်တွေကို ပေါင်းလိုက်ရင် တစ်နေ့တာရဲ့ အချိန်အများစုကို ထိုင်လျက်နဲ့ပဲကုန်ဆုံးနေကြပါတယ်။

■ ဒါကြောင့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့သာမက တစ်နေရာတည်းမှာ အချိန်ကြာကြာ ဆက်တိုက်ထိုင်နေခြင်းကိုလည်း ရှောင်ကြဉ်ဖို့လိုပါတယ်။

■ ဂိမ်းဆော့လို့ရပါတယ်။ ရုပ်ရှင်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ ထိုင်နေတာကိုတော့ အချိန်ကြာကြာ ဆက်မလုပ်ပါနဲ့။ ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းထားဖို့ အရေးကြီးပါတယ်။

Source-India Today