#World_Health
Published 15 October 2026

■ TOFA လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ အစာစားချင်စိတ်ကို ချုပ်တည်းပစ်တာမျိုးမဟုတ်ဘဲ၊ ဆဲလ်တွေက စွမ်းအင်ကို ပိုပြီးသုံးစွဲလာအောင် တွန်းအားပေးခြင်းအားဖြင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါတွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

■ အစာစားချင်စိတ်ကို လျှော့ချပေးပြီး စွမ်းအင်ဝင်ရောက်မှုကို လျော့ကျစေတဲ့ GLP-1 ဆေးဝါးတွေနဲ့ မတူဘဲ၊ အခုအသစ်တွေ့ရှိထားတဲ့ ဓာတုပစ္စည်းကတော့ အစားအသောက်စားသုံးမှုကို ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှုကို ပြောင်းလဲစရာမလိုဘဲ ဆဲလ်တွေက အဆီတွေကို ပိုလောင်ကျွမ်းစေပါတယ်။ ဒါကို ကြွက်တွေပေါ်မှာ စမ်းသပ်ထားတာ အောင်မြင်မှုတွေ ရရှိထားပါတယ်။

■ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း Ozempic၊ Wegovy၊ Mounjaro နဲ့ Zepbound လိုမျိုး GLP-1 ဆေးဝါးတွေဟာ အဝလွန်ရောဂါ၊ ဆီးချိုနဲ့ အသည်းအဆီဖုံးရောဂါတွေကို ကုသရာမှာ အလွန်အောင်မြင်လာခဲ့ပါတယ်။

■ ဒါပေမဲ့ လူနာအချို့မှာ ပျို့အန်တာနဲ့ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ခံစားရတတ်ပါတယ်။ ဒါ့အပြင် ဒီဆေးတွေက အစားစားချင်စိတ်ကို ချုပ်တည်းထားတာကြောင့် အာဟာရချို့တဲ့တာနဲ့ ကြွက်သားတွေ ဆုံးရှုံးတာတွေဖြစ်ပေါ်စေနိုင်ပြီး ရေရှည်မှာကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ခြေရှိပါတယ်။

■ သုတေသီတွေကတော့ အစာဝင်လာမှုကို လျှော့ချမယ့်အစား ခန္ဓာကိုယ်ရဲ့ စွမ်းအင်သုံးစွဲမှုကို မြှင့်တင်ပေးမယ့် နည်းလမ်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

■ Science Advances ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုအရ သူတို့ဟာ 5-tetradecyloxy-2-furoic acid (အတိုကောက် TOFA) လို့ခေါ်တဲ့ ဒြပ်ပေါင်းကို လေ့လာခဲ့ကြပါတယ်။

■ ဒီဒြပ်ပေါင်းဟာ ကိုလက်စထရောနဲ့ Triglycerides လို အဆီဓာတ်တွေ ထွက်ရှိမှုကို ဟန့်တားပေးရုံသာမက ဆဲလ်တွေက အဆီကိုလောင်ကျွမ်းစေပြီး စွမ်းအင်ထုတ်လုပ်ပေးတဲ့ မျိုးဗီဇတွေကိုပါ လှုံ့ဆော်ပေးပါတယ်။

■ ကြွက်တွေမှာ စမ်းသပ်ကြည့်တဲ့အခါ TOFA ဟာ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်သလို၊ Triglycerides အဆီဓာတ်ကို လျှော့ချပေးပြီး အသည်းအဆီဖုံးရောဂါ လက္ခဏာတွေကိုလည်း သက်သာစေပါတယ်။

■ အဝလွန်နေတဲ့ ကြွက်တွေကို ဒီဒြပ်ပေါင်း တိုက်ကျွေးတဲ့အခါ ကြွက်သားထုထည် မထိခိုက်ဘဲ အဆီတွေ ကျဆင်းသွားတာကို တွေ့ရှိရပါတယ်။

■ ဇီဝဖြစ်စဉ်နဲ့ အာဟာရဗေဒ ပါမောက္ခ Anders Näär က "ခန္ဓာကိုယ် အလေးချိန်ဆိုတာ နည်းလမ်းနှစ်ခုနဲ့ပဲ တုံ့ပြန်ပါတယ် - ကယ်လိုရီစားသုံးမှုကို လျှော့ချတာ ဒါမှမဟုတ် စွမ်းအင်ကို ပိုသုံးစွဲတာ ဖြစ်ပါတယ်။ GLP-1 ဆေးတွေက ပထမနည်းလမ်းကို အဓိကလုပ်ဆောင်တာဖြစ်လို့၊ ကျွန်တော်တို့ကတော့ ဒုတိယနည်းလမ်းကို ဆက်လုပ်ခဲ့တာပါ" လို့ ပြောကြားခဲ့ပါတယ်။

■ TOFA က  Triglycerides  ကို မတက်စေဘဲ စွမ်းအင်သုံးစွဲမှုကို မြှင့်တင်ပေးပါတယ်။

■ TOFA ကို ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်တွင်း အဆီထုတ်လုပ်မှုကို ဟန့်တားပေးတဲ့ ACC inhibitors အုပ်စုဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်က ဒီလိုဆေးတွေဟာ  Triglyceridesအဆီဓာတ်ကို တက်စေပြီး နှလုံးရောဂါအန္တရာယ်ကို ဖြစ်စေနိုင်တာကြောင့် ဆေးဘက်ဆိုင်ရာမှာ အတည်ပြုချက် မရခဲ့ပါဘူး။

■ အခုသုတေသီတွေကတော့ TOFA ဟာ ပုံစံတူမဟုတ်ဘဲ ကွဲပြားခြားနားစွာ လုပ်ဆောင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ACC ကို ဟန့်တားပေးမယ့်အပြင် ဆဲလ်တွေက အဆီတွေကို ဆွဲထုတ်ပြီး စွမ်းအင်အဖြစ် လောင်ကျွမ်းစေတဲ့ PPARα နဲ့ PPARδ လို့ခေါ်တဲ့ ဆဲလ်လက်ခံအင်္ဂါတွေကိုပါ အလုပ်လုပ်စေပါတယ်။

■ ကြွက်တွေမှာ စမ်းသပ်ချက်အရ ဒါဟာ ကိုယ်လက်လှုပ်ရှားမှု ဒါမှမဟုတ် ကိုယ်အပူချိန်ကို မပြောင်းလဲစေဘဲ စွမ်းအင်သုံးစွဲမှုကို ၁၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရင်ဆေးတွေလို Triglycerides   အဆီဓာတ်တက်လာတာမျိုးကိုလည်း ရှောင်ရှားနိုင်ခဲ့ပါတယ်။

Source- SciTechDaily