#World_Health
Published 21 October 2026

■ မနက်စာစားပြီး နာရီအနည်းငယ်အကြာမှာ ဗိုက်ပြန်ဆာလာတာဟာ ကိုယ်အစားများနေလို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိလို့ မဟုတ်ပါဘူး။

■ အာဟာရပညာရှင် ဒေါက်တာ Rohini Patil ရဲ့ အဆိုအရ မနက် ၁၁ နာရီလောက်မှာ ဗိုက်ပြန်ဆာလာရတဲ့ အကြောင်းရင်းတစ်ခုက မနက်စာမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ မမျှတတာကြောင့် ဖြစ်နိုင်ပါတယ်။

■ မနက်စာကို အာဟာရပြည့်ဝပြီး ဗိုက်ကြာကြာပြည့်နေစေဖို့ဆိုရင် ပရိုတင်း၊ အမျှင်ဓာတ်၊ ကာ ဗွန် ဟိုက်ဒရိတ်နဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်တွေကို သင့်တင့်မျှတအောင် စားသုံးဖို့ လိုပါတယ်။

■ ၁။ မနက်စာမှာ ပရိုတင်းဓာတ်ကို ဦးစားပေးပါ

■ မနက်စာစားပြီး မကြာခင် ဗိုက်ပြန်ဆာလာတတ်ရင် ကိုယ်စားတဲ့ မနက်စာမှာ ပရိုတင်းဓာတ် လုံလောက်မှုရှိ၊ မရှိ အရင်ဆုံး စဉ်းစားကြည့်သင့်ပါတယ်။

■ ဒေါက်တာ Patil က ပရိုတင်းဓာတ်ဟာ ဗိုက်ပြည့်နေတဲ့ ခံစားချက်ကို ပိုကြာကြာရစေတဲ့အပြင် ကြွက်သားတည်ဆောက်မှုကိုလည်း အထောက်အကူပြုတယ်လို့ ရှင်းပြထားပါတယ်။

■ မနက်စာမှာ ပရိုတင်းဓာတ်ရရှိဖို့ အောက်ပါအစားအစာတွေကို ထည့်စားနိုင်ပါတယ်။
ကြက်ဥ
ပဲနို့
ဒိန်ချဉ်
ဂရိဒိန်ချဉ် 
ပဲဟင်းနဲ့ ပဲအမျိုးမျိုး
ပဲပင်ပေါက်နဲ့ အညှောက်ပေါက်ပဲများ
ဥပမာ မနက်ခင်းမှာ လက်ဖက်ရည်နဲ့ ပေါင်မုန့်ပဲ စားမယ့်အစား ကြက်ဥ၊ ဟင်းသီးဟင်းရွက်နဲ့ ဂျုံကြမ်းပေါင်မုန့်တို့ကို တွဲစားနိုင်ပါတယ်။

■ ဒါမှမဟုတ် ပဲမှုန့်နဲ့လုပ်တဲ့ မုန့် (Moong dal chilla) ကို ပဲနို့ခဲနဲ့ တွဲစားတာ၊ ဟင်းသီးဟင်းရွက်ပေါင်းထမင်း (Vegetable poha) ကို ဒိန်ချဉ်နဲ့ တွဲစားတာမျိုးလည်း လုပ်နိုင်ပါတယ်။

■ အဓိကကတော့ မနက်စာကို အများကြီးပြောင်းလဲပစ်ဖို့ မလိုပါဘူး။ ပုံမှန်စားနေကျ အစားအစာထဲမှာ ပရိုတင်းဓာတ်တစ်မျိုး ထပ်ထည့်ပေးရုံနဲ့ အာဟာရမျှတမှုကို ပိုကောင်းလာစေနိုင်ပါတယ်။

■ ၂။ ကာဗွန်ဟိုက်ဒရိတ်ကို လုံးဝဖြတ်ပစ်ဖို့မလိုပါဘူး

■ ကိုယ်အလေးချိန်လျှော့ချချင်သူတွေ၊ ဗိုက်မဆာအောင် ထိန်းချင်သူတွေဟာ ကာဗွန်ဟိုက်ဒရိတ်ကို မကြာခဏ အပြစ်တင်တတ်ကြပါတယ်။ ဒါကြောင့် တချို့သူတွေက မနက်စာမှာ ကာ ဗွန် ဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေကို လုံးဝရှောင်ကြပါတယ်။

■ ဒါပေမဲ့ ကာဗွန်ဟိုက်ဒရိတ်တိုင်းက မကောင်းတာ မဟုတ်ပါဘူး။ ဘယ်အမျိုးအစားကို ဘယ်လောက်စားသလဲ၊ တခြားအာဟာရဓာတ်တွေနဲ့ ဘယ်လိုတွဲစားသလဲဆိုတာက ပိုအရေးကြီးပါတယ်။

■ ဒါကြောင့် ကာ ဗွန်ဟိုက်ဒရိတ်ကို လုံးဝဖြတ်ပစ်မယ့်အစား ပရိုတင်း၊ အမျှင်ဓာတ်နဲ့ ကျန်းမာရေးအတွက် ကောင်းတဲ့အဆီဓာတ်တွေပါတဲ့ အစားအစာတွေနဲ့ သင့်တင့်မျှတအောင် တွဲစားပေးပါ။

■ ဒီလိုစားတာက မိမိကြိုက်နှစ်သက်တဲ့ အစားအစာတွေကို ဆက်စားနိုင်စေသလို အာဟာရမျှတမှုကိုလည်း ပိုကောင်းစေပါတယ်။

■ ၃။ အသီးအနှံနဲ့ ဖျော်ရည်တစ်မျိုးတည်းက မလုံလောက်နိုင်ပါဘူး

■ အသီးအနှံတွေဟာ ကျန်းမာရေးအတွက် အရေးကြီးပြီး ဗီတာမင်နဲ့ အခြားအာဟာရဓာတ်တွေ ရရှိစေပါတယ်။ ဒါပေမဲ့ မနက်စာကို အသီးအနှံတစ်မျိုးတည်း စားတာက လူတိုင်းအတွက် နေ့လယ်စာအထိ ဗိုက်ပြည့်နေဖို့ မလုံလောက်နိုင်ပါဘူး။

■ အသီးအနှံအဓိကပါတဲ့ ဖျော်ရည်တွေမှာလည်း အလားတူပါပဲ။ ဗီတာမင်နဲ့ သဘာဝသကြားဓာတ်တွေ ရရှိနိုင်ပေမဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ် မလုံလောက်ရင် ဗိုက်ပြည့်နေတဲ့ ခံစားချက်က ကြာကြာမခံနိုင်ပါဘူး။

■ ၄။ မနက်စာတစ်ခုတည်းကိုပဲ အပြစ်မတင်ပါနဲ့

■ မနက် ၁၁ နာရီလောက်မှာ ဗိုက်ဆာလာတာဟာ မနက်စာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ အလိုအလျောက် မဆိုလိုပါဘူး။
■ ဗိုက်ဆာမှုအပေါ် သက်ရောက်နိုင်တဲ့ အခြားအချက်တွေလည်း ရှိပါတယ်။
■ အိပ်စက်မှု — အိပ်ရေးမဝတာက ဆာလောင်မှုကို သက်ရောက်စေနိုင်ပါတယ်။
■ စိတ်ဖိစီးမှု — စိတ်ဖိစီးမှုကြောင့် စားချင်စိတ် ပြောင်းလဲနိုင်ပါတယ်။
■ ရေဓာတ် — ရေလုံလောက်စွာ သောက်သုံးဖို့ လိုပါတယ်။
■ ကိုယ်လက်လှုပ်ရှားမှု — လေ့ကျင့်ခန်းနဲ့ နေ့စဉ်လှုပ်ရှားမှုများတာကြောင့် စွမ်းအင်လိုအပ်ချက် တိုးလာနိုင်ပါတယ်။
■ တစ်နေ့တာ အစားအသောက်ပုံစံ — တစ်နေ့လုံး စားသုံးတဲ့ အာဟာရပမာဏကလည်း အရေးကြီးပါတယ်။

■ ဒါကြောင့် မနက်စာစားပြီး မကြာခင် အလွန်အမင်း ဗိုက်ဆာနေတတ်ရင် မနက်စာကိုပဲ ပြောင်းလဲတာထက် ကိုယ့်ရဲ့ တစ်နေ့တာ အစားအသောက်နဲ့ နေထိုင်မှုပုံစံတစ်ခုလုံးကို ပြန်လည်သုံးသပ်ကြည့်သင့်ပါတယ်။

■ တစ်ဖက်မှာလည်း နေ့လယ်စာမစားခင် ဗိုက်ဆာလာတာဟာ အမြဲတမ်း ပြဿနာတစ်ခု မဟုတ်ပါဘူး။ ဗိုက်ဆာတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝအချက်ပြမှုတစ်ခုပါ။

■ မနက်စာရဲ့ ရည်ရွယ်ချက်က နာရီပေါင်းများစွာ လုံးဝဗိုက်မဆာအောင် လုပ်ပေးဖို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ ရရှိပြီး အတော်အသင့် ဗိုက်ပြည့်ကျေနပ်နေစေဖို့ပဲ ဖြစ်ပါတယ်။

Source-India Today