#World_Health
Published 21 October 2026

■ အော်တစ်ဇင် (Autism Spectrum Disorder – ASD) ဆိုတာ လူတစ်ယောက်ရဲ့ ဆက်သွယ်ပြောဆိုပုံ၊ တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံပုံနဲ့ ပတ်ဝန်းကျင်က အာရုံခံစားမှုတွေကို တုံ့ပြန်ပုံတို့အပေါ် သက်ရောက်မှုရှိတဲ့ အခြေအနေတစ်ခုပါ။

■ ဒါ့အပြင် စိတ်ဝင်စားမှုတစ်ခုတည်းကို အလွန်အာရုံစိုက်တာ၊ ထပ်ခါထပ်ခါ ပြုလုပ်တတ်တဲ့ အပြုအမူတွေ ရှိတာတို့လည်း ပါဝင်ပါတယ်။

■ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း အော်တစ်ဇင်လို့ ရောဂါသတ်မှတ်ခံရသူ အရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ လူအများအမြင်မှာတော့ ဒီလို မြင့်တက်လာတာဟာ ရောဂါကူးစက်ပျံ့နှံ့မှုတစ်ခုလိုတောင် ထင်ရနိုင်ပါတယ်။

■ ကျောင်းတွေ၊ ဆေးခန်းတွေ၊ မိသားစုတွေအားလုံးမှာ အော်တစ်ဇင်လို့ သတ်မှတ်ခံရတဲ့ ကလေးတွေနဲ့ လူကြီးတွေကို အရင်ကထက် ပိုတွေ့လာရပါတယ်။ ဒီအခြေအနေကြောင့် သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ အများပြည်သူကြားမှာ အငြင်းပွားမှုတွေလည်း ပေါ်ပေါက်လာပါတယ်။

■ အရေးကြီးတာက အော်တစ်ဇင်ကို အတည်ပြုပေးနိုင်တဲ့ သီးသန့်ဇီဝဗေဒစစ်ဆေးမှု (Biological test) မရှိသေးပါဘူး။ ဒါကြောင့် လက်ရှိသုတေသနအများစုဟာ ရောဂါသတ်မှတ်ခံရသူ အရေအတွက်ကို အခြေခံထားရပါတယ်။

■ ဒီဆောင်းပါးမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ထုတ်ဝေခဲ့တဲ့ သုတေသနစာတမ်း ၂၀ ကို ရွေးချယ်သုံးသပ်ထားပါတယ်။ ဒါဟာ အော်တစ်ဇင်နဲ့ပတ်သက်တဲ့ သုတေသနအားလုံးကို လွှမ်းခြုံထားတာတော့ မဟုတ်ပါဘူး။

■ အဓိက မေးခွန်းကတော့ အော်တစ်ဇင် တကယ်ပိုဖြစ်လာတာလား၊ ဒါမှမဟုတ် အရင်က သတိမထားမိခဲ့တဲ့သူတွေကို အခုမှ ပိုပြီး ရှာဖွေတွေ့ရှိလာတာလား ဆိုတာပါ။

■ ကမ္ဘာတစ်ဝန်း အော်တစ်ဇင်ရောဂါ သတ်မှတ်ခံရသူတွေ တိုးလာခြင်း

■ အော်တစ်ဇင်လို့ ရောဂါသတ်မှတ်ခံရသူ အရေအတွက် မြင့်တက်လာတာကို သုတေသနအများအပြားက မှတ်တမ်းတင်ထားပါတယ်။

■ အမေရိကန်နိုင်ငံမှာ Yan နဲ့ လုပ်ဖော်ကိုင်ဖက်တွေက ၂၀၁၃ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးစစ်တမ်းအချက်အလက်တွေကို လေ့လာခဲ့ပါတယ်။

■ လေ့လာမှုအဆုံးပိုင်းမှာ စစ်တမ်းပါဝင်သူတွေထဲက ကလေးအရေအတွက် ၄ ရာခိုင်နှုန်းနီးပါးဟာ ဆရာဝန်ဆီကနေ အော်တစ်ဇင်လို့ သတ်မှတ်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။

■ ဒါပေမဲ့ ဒီလေ့လာမှုမှာ မိဘတွေက ဖြေဆိုပေးတဲ့ အချက်အလက်တွေကို အခြေခံထားပြီး အိမ်ထောင်စုတွေ စစ်တမ်းကို ပြန်လည်ဖြေဆိုတဲ့နှုန်းကလည်း ၅၀ ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီကိန်းဂဏန်းကို အမေရိကန်က ကလေးအားလုံးရဲ့ အခြေအနေကို အတိအကျ ကိုယ်စားပြုတယ်လို့တော့ မယူဆသင့်ပါဘူး။

■ ကမ္ဘာတစ်ဝန်းက အခြေအနေကို သိဖို့ သုတေသီတွေဟာ အရင်လေ့လာမှုများစွာကို စုပေါင်းသုံးသပ်တဲ့ စနစ်တကျ သုံးသပ်ချက်တွေ (Systematic reviews) ကိုလည်း အသုံးပြုကြပါတယ်။

■ Zeidan နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ သုတေသနအရ လေ့လာခဲ့တဲ့ လူဦးရေအုပ်စုတွေမှာ အော်တစ်ဇင်ဖြစ်ပွားမှုက လူ ၁၀၀ မှာ ၁ ယောက်ခန့် ရှိပါတယ်။

■ ဒါပေမဲ့ လေ့လာမှုတစ်ခုနဲ့တစ်ခုရဲ့ ရလဒ်တွေက အလွန်ကွာခြားနေပါတယ်။ လူ ၁၀,၀၀၀ မှာ ၁.၀၉ ယောက်ကနေ ၄၃၆ ယောက်အထိ ကွာခြားမှုရှိခဲ့ပါတယ်။

■ သုတေသီတွေက ဒီလို ကွာခြားရတဲ့အကြောင်းရင်းဟာ လူတွေရဲ့ ဇီဝဗေဒဆိုင်ရာ ကွာခြားမှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ သုတေသနပြုလုပ်ပုံ၊ အော်တစ်ဇင်ရှိသူတွေကို ရှာဖွေသတ်မှတ်ပုံနဲ့ လူမှုစီးပွားရေးနောက်ခံ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ရှင်းပြထားပါတယ်။

■ Talantseva နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ နောက်ထပ်သုတေသနတစ်ခုမှာလည်း အော်တစ်ဇင်ဖြစ်ပွားမှုနှုန်းကို တွက်ချက်ရာမှာ အသုံးပြုတဲ့ နည်းလမ်းက ရလဒ်အပေါ် အများကြီး သက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

■ အင်္ဂလန်နဲ့ မြောက်အိုင်ယာလန်က အခြေခံကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်းတွေကို လေ့လာခဲ့တဲ့ Russell နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ သုတေသနမှာတော့ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း မှတ်တမ်းတင်ထားတဲ့ အော်တစ်ဇင်ရောဂါသတ်မှတ်မှုနှုန်းဟာ ၇၈၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

■ စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ ရောဂါကို အရင်ကထက် စောစောသိလာလို့သာ ဒီအရေအတွက် တိုးလာတာဆိုရင် ရောဂါသတ်မှတ်ခံရတဲ့ ပျမ်းမျှအသက်ဟာ လျော့ကျလာသင့်ပါတယ်။

■ ဒါပေမဲ့ အဲဒီလေ့လာမှုမှာတော့ ပြောင်းပြန်ဖြစ်နေပါတယ်။

■ ရောဂါသတ်မှတ်ခံရတဲ့ ပျမ်းမျှအသက်ဟာ ၉.၆ နှစ်ကနေ ၁၄.၅ နှစ်အထိ မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ အော်တစ်ဇင်အရေအတွက် တိုးလာတာ ကလေးတွေကို ပိုစောစော ရှာဖွေတွေ့ရှိလာခြင်းတစ်ခုတည်းနဲ့ ရှင်းပြလို့မရနိုင်ကြောင်း ပြသနေတာဖြစ်ပါတယ်။

Source-PsyPost