#World_Health
Published 07 November 2026

■ အသက် ၁၂ နှစ်အရွယ်မှာ ကိုယ်ပိုင်စမတ်ဖုန်းရှိနေတဲ့ ကလေးတွေဟာ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ အစားအသောက်နဲ့ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာရောဂါလက္ခဏာတွေ ဖြစ်ပေါ်နိုင်ခြေပိုများတယ်လို့ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနကြီးတစ်ခုက ဖော်ပြလိုက်ပါတယ်။

■ အထူးသဖြင့် အစားအသောက်ကို ထိန်းမနိုင်သိမ်းမရ အလွန်အကျွံစားသုံးတာ၊ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်ပုံစံအပေါ်မူတည်ပြီး သတ်မှတ်လာတာမျိုးတွေ ဖြစ်နိုင်ခြေ ပိုများလာတယ်လို့ ဆိုပါတယ်။

■ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ဖုန်းဘယ်အရွယ်မှာ စပေးသင့်သလဲဆိုတာအပြင် ဖုန်းထဲမှာ ဘယ်လိုအကြောင်းအရာတွေ ကြည့်ရှုနေကြသလဲဆိုတာကိုပါ အလေးထားစောင့်ကြည့်ဖို့ လိုလာပါတယ်။

■ ကလေးပေါင်း ၈,၉၅၇ ဦးကို လေ့လာခဲ့တဲ့သုတေသန

■ ဒီသုတေသနကို အမေရိကန်က ကလေးနဲ့ ဆယ်ကျော်သက်ပေါင်း ၈,၉၅၇ ဦးရဲ့ အချက်အလက်တွေကို အသုံးပြုပြီး လေ့လာခဲ့တာဖြစ်ပါတယ်။

■ သုတေသနရလဒ်ကို Journal of the American Medical Association (JAMA) မှာ ဖော်ပြထားပါတယ်။

■ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ အချက်အလက်တွေကို ဆန်းစစ်ခဲ့ရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။

■ လေ့လာမှုမှာ ပါဝင်တဲ့ ကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အသက် ၁၂ နှစ်အရွယ်မှာတင် စမတ်ဖုန်းကိုယ်ပိုင်ရှိနေကြတာပါ။

■ သုတေသီတွေက အဲဒီကလေးတွေရဲ့ ကျန်းမာရေးအခြေအနေကို လေ့လာရာမှာ အသက် ၁၂ နှစ်အရွယ်မှာ စမတ်ဖုန်းရှိထားသူတွေဟာ နောက်ထပ်နှစ်နှစ်အတွင်း အစားအသောက်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပြဿနာ လက္ခဏာတွေ ပိုမိုတွေ့ရှိရနိုင်တယ်ဆိုတဲ့ ဆက်စပ်မှုကိုတွေ့ခဲ့ကြပါတယ်။

■ ဒီလိုပြဿနာတွေဟာ ရေရှည်မှာ ကိုယ်ခန္ဓာကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ ဇီဝဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

■ ဖုန်းကြောင့်လား၊ ဖုန်းထဲက အကြောင်းအရာတွေကြောင့်လား။

■ ကျွမ်းကျင်သူတွေရဲ့ အမြင်အရ ပြဿနာရဲ့ အဓိကအကြောင်းရင်းဟာ စမတ်ဖုန်းကိုယ်တိုင်ထက် ဖုန်းကတစ်ဆင့် အမြဲတမ်းကြည့်ရှုနေရတဲ့ အကြောင်းအရာတွေ ဖြစ်နိုင်ပါတယ်။

■ အထူးသဖြင့် လူမှုကွန်ရက်တွေမှာ တွေ့ရလေ့ရှိတဲ့ အောက်ပါအကြောင်းအရာတွေက ကလေးတွေရဲ့ ခန္ဓာကိုယ်ပုံစံအပေါ် အမြင်နဲ့ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကို သက်ရောက်စေနိုင်ပါတယ်။

■ လှပတဲ့ခန္ဓာကိုယ်ပုံစံဆိုပြီး စံသတ်မှတ်ထားတဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေ။

■ ကိုယ်အလေးချိန် အမြန်လျှော့ချနိုင်တယ်ဆိုတဲ့ အစားအသောက်အစီအစဉ်တွေ။

■ အစားအသောက်ကို အလွန်အကျွံကန့်သတ်ဖို့ တိုက်တွန်းတဲ့ အကြောင်းအရာတွေ။

■ တခြားသူတွေရဲ့ ခန္ဓာကိုယ်ပုံစံနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်စေတဲ့ လူမှုကွန်ရက်ပို့စ်တွေ။

■ India Mental Health Alliance မှ ဒေါက်တာ Priyanka Mittal ရဲ့ ပြောကြားချက်အရ လူမှုကွန်ရက်မှာ ဘယ်လိုအကြောင်းအရာတွေကို အမြဲကြည့်ရှုနေသလဲဆိုတာက လူတစ်ယောက်အတွက် ဘယ်အရာက လှပတယ်၊ ဘယ်အရာက လက်ခံနိုင်စရာမရှိဘူးဆိုတဲ့ အမြင်တွေကို တဖြည်းဖြည်း ပြောင်းလဲစေနိုင်ပါတယ်။

■ စမတ်ဖုန်းတွေကြောင့် အဲဒီအကြောင်းအရာတွေကို အချိန်မရွေး ကြည့်ရှုနိုင်လာတဲ့အတွက် ကလေးတွေရဲ့ နေ့စဉ်အလေ့အထတွေ၊ အစားအသောက်ရွေးချယ်မှုတွေအပေါ်ပါ သက်ရောက်လာနိုင်ပါတယ်။

■ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်ဟာ ခန္ဓာကိုယ်ပြောင်းလဲမှု မြန်ဆန်တဲ့အချိန်ဖြစ်သလို သူငယ်ချင်းတွေရဲ့ အမြင်နဲ့လက်ခံမှုကိုလည်း ပိုပြီးအလေးထားတတ်တဲ့ အရွယ်ဖြစ်ပါတယ်

■ ဒီအချိန်မှာ ခန္ဓာကိုယ်ပုံစံအပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်လာပြီး အစားအသောက်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာရောဂါတွေအထိ ဖြစ်ပေါ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေကသတိပေးထားပါတယ်။

■ မိဘတွေအနေနဲ့ ဘာတွေဂရုစိုက်သင့်လဲ။

■ ဒီသုတေသနက မိဘတွေအနေနဲ့ ကလေးတွေကို ဖုန်းလုံးဝမပေးသင့်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။

■ အရေးကြီးတာက -ကလေးကို ကိုယ်ပိုင်ဖုန်းပေးမယ့် အသက်အရွယ်နဲ့ အချိန်ကို သေချာစဉ်းစားပါ။

■ လူမှုကွန်ရက်မှာ ဘယ်လိုအကြောင်းအရာတွေ ကြည့်ရှုနေသလဲဆိုတာ သိရှိထားပါ။

■ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်ပုံစံအကြောင်း အမြဲနှိုင်းယှဉ်ပြောဆိုတာမျိုး ရှောင်ပါ။

■ အစားအသောက်နဲ့ ခန္ဓာကိုယ်ပုံစံအပေါ် ကလေးရဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။

■ စိတ်ပိုင်းဆိုင်ရာပြဿနာ လက္ခဏာတွေတွေ့ရင် အပြစ်မတင်ဘဲ အကူအညီပေးပါ။

■ ဒီသုတေသနက အသက် ၁၂ နှစ်အရွယ်မှာ စမတ်ဖုန်းပိုင်ဆိုင်ထားခြင်းနဲ့ နောက်ပိုင်းဆယ်ကျော်သက်အရွယ်မှာ အစားအသောက်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ပိုမိုတွေ့ရှိရခြင်းတို့ကြား ဆက်စပ်မှုရှိနိုင်ကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။

■ ဒါပေမဲ့ ဒီလေ့လာမှုဟာ စောင့်ကြည့်လေ့လာမှု ဖြစ်တဲ့အတွက် စမတ်ဖုန်းကိုင်ခြင်းက အဲဒီရောဂါတွေကို တိုက်ရိုက်ဖြစ်စေတယ်လို့ အတည်ပြုထားတာတော့ မဟုတ်ပါဘူး။

■ မိဘတွေအနေနဲ့ မှတ်ထားသင့်တာက ကလေးတွေ ဖုန်းသုံးတဲ့အချိန် ဘယ်လောက်ကြာသလဲဆိုတာထက် ဖုန်းထဲမှာ ဘာတွေကြည့်နေသလဲ၊ အဲဒီအကြောင်းအရာတွေက ကလေးရဲ့ စိတ်ခံစားမှုနဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုအပေါ် ဘယ်လိုသက်ရောက်နေသလဲဆိုတာကိုပါ ဂရုစိုက်ဖို့ ဖြစ်ပါတယ်။

Source-India Today