#World_Health
Published 22 November 2026
■ သကြားပါတဲ့ အစားအစာတွေကို စောစောစီးစီးကျွေးမွေးခြင်းဟာ ကလေးတွေရဲ့ အစားအသောက်ရွေးချယ်မှုအလေ့အထကို ထိခိုက်စေနိုင်ပါတယ်။
■ အသက်တစ်နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေကို အစားအစာရွေးချယ်ကျွေးမွေးတဲ့အခါ Sucrose၊ Corn Syrup၊ Maltodextrin၊ Added Sugar နဲ့ ပျားရည် ပါဝင်တဲ့ အစားအစာတွေကို လုံးဝရှောင်ကြဉ်သင့်တယ်လို့ အိန္ဒိယနိုင်ငံ Kerala ပြည်နယ်၊ MES Medical College မှ ကလေးအထူးကု ပါမောက္ခ ဒေါက်တာ Purushothaman Kuzhikkathukandiyil က အကြံပြုထားပါတယ်။
■ ဒါဟာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးဆဲ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။
■ ကလေးငယ်တွေရဲ့ အစားအသောက်အလေ့အထကို ငယ်စဉ်ကတည်းက ပုံဖော်ပေးဖို့ လိုအပ်တယ်
■ ကလေးဘဝအစောပိုင်းကာလမှာ ဘယ်လိုအစားအစာတွေကို ကျွေးမွေးသလဲဆိုတာဟာ တစ်သက်တာ စားသောက်မှုပုံစံနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကျန်းမာရေး (Metabolic Health) အပေါ် အရေးကြီးတဲ့သက်ရောက်မှုရှိပါတယ်။
■ MES Medical College မှ ကလေးအထူးကု ပါမောက္ခ ဒေါက်တာ Purushothaman Kuzhikkathukandiyil က မွေးကင်းစကလေးတွေအတွက် အာဟာရကျွေးမွေးမှုဆိုင်ရာ အရေးကြီးတဲ့ အချက်တွေကို ရှင်းပြထားပါတယ်။
■ မေး - အမေက မိခင်နို့ မတိုက်နိုင်ဘူးဆိုရင် သဘာဝ မိခင်နို့နဲ့ အနီးစပ်ဆုံးဖြစ်အောင် မိဘတွေအနေနဲ့ နို့မှုန့်ဝယ်တဲ့အခါ ဘာတွေကိုကြည့်ပြီးရွေးချယ်သင့်ပါသလဲ။
■ ဖြေ - မိခင်မှာ ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားနေရတာ၊ ဓာတုကုထုံး (Chemotherapy) ဒါမှမဟုတ် ဓာတ်ရောင်ခြည်ကုထုံး (Radiation) ယူနေရတာစတဲ့ မိခင်နို့ မတိုက်နိုင်တဲ့ စစ်မှန်တဲ့ ဆေးပညာဆိုင်ရာ အကြောင်းရင်းတွေက ခဲယဉ်းပါတယ်။
■ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုး ရှိလာခဲ့ရင်လည်း နို့မှုန့်ရွေးချယ်မှုကို ကလေးရဲ့ သီးသန့် ရောဂါရာဇဝင်နဲ့ ကိုက်ညီအောင်ပြုလုပ်ရပါမယ်။
■ လမစေ့ဘဲ မွေးတဲ့ကလေးတွေ၊ မွေးဖွားစမှာ အလေးချိန် မပြည့်တဲ့ ကလေးတွေ ဒါမှမဟုတ် ခန္ဓာကိုယ် ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ မွေးရာပါ ချို့ယွင်းချက် (ဥပမာ- Galactosemia ရောဂါ) ရှိတဲ့ ကလေးတွေဟာ သီးသန့်ထုတ်လုပ်ထားတဲ့ နို့မှုန့်တွေကို သုံးစွဲဖို့လိုအပ်ပါတယ်။
■ မိခင်နို့ဟာ ကလေးရဲ့ လိုအပ်ချက်အတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးနိုင်တာကြောင့် ဈေးကွက်ထဲက အစားထိုးနို့မှုန့်တွေကို ကျွမ်းကျင်ဆရာဝန်ရဲ့ လမ်းညွှန်ချက်နဲ့မှ သုံးစွဲသင့်ပါတယ်။
■ မေး - နို့မှုန့် ဒါမှမဟုတ် အစောပိုင်း အစားအစာတွေ ဝယ်ယူတဲ့အခါ ပုန်းကွယ်နေတဲ့ သကြားဓာတ်တွေနဲ့ အလွန်အကျွံ ထည့်ထားတဲ့ ဓာတုပစ္စည်းတွေကို ရှောင်ရှားနိုင်ဖို့ မိဘတွေအနေနဲ့ အညွှန်းပေါ်မှာ ဘာပါဝင်ပစ္စည်း နာမည်တွေကိုသတိထားကြည့်ရမလဲ။
■ ဖြေ - အသက် ၁ နှစ်အောက် ကလေးတွေမှာဖွံ့ဖြိုးဆဲအင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်ကို ကာကွယ်ဖို့အတွက် Sucrose၊ Corn syrup၊ Maltodextrin၊ Added sugars (ဖြည့်စွက်သကြား) ဒါမှမဟုတ် ပျားရည် ပါဝင်တဲ့အညွှန်းစာတမ်းတွေကို အထူးရှောင်ကြဉ်ရပါမယ်။
■ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်ဆိုပြီး လိမ်လည် ကြော်ငြာထားတဲ့ ဈေးကွက်ထဲက ကလေးအစားအစာတွေကို အားကိုးမယ့်အစား၊ မိဘတွေအနေနဲ့ ကလေး အသက် ၆ လ စတာနဲ့ သဘာဝအတိုင်း တစ်မျိုးချင်းစီ ပြုပြင်ထားတဲ့ အိမ်ချက်ဖြည့်စွက်စာတွေကို တဆင့်ပြီးတဆင့် မိတ်ဆက်ပေးသင့်ပါတယ်။
■ မေး - မိဘတော်တော်များများက "ပရိုတင်းဓာတ် များများပါရင် အမြဲတမ်း ပိုကောင်းတယ်" လို့ ထင်ကြပါတယ်။ ကလေးအစားအစာ ဒါမှမဟုတ် နို့မှုန့်မှာ ပရိုတင်းဓာတ် များလွန်းရင် ကလေးဘဝ အဝလွန်နိုင်ခြေပိုများစေတာ မှန်ပါသလား။
■ ဖြေ - မှန်ပါတယ်။ မိခင်နို့ ၁၀၀ မီလီလီတာမှာ ပရိုတင်းဓာတ် ၁ ဂရမ်ခန့်ပဲ ပါဝင်ပြီး ဒါဟာ အသက် ၂ နှစ်အထိ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ ကလေးရဲ့ ကျောက်ကပ်အတွက် ကောင်းစွာ တွက်ချက်ထားတာဖြစ်ပါတယ်။
■ ပရိုတင်းဓာတ် လွန်ကဲစွာပါတဲ့ နို့မှုန့်တွေ ဒါမှမဟုတ် အစားအစာတွေဟာ ကျောက်ကပ် လုပ်ဆောင်ချက်ကို ဝန်ပိစေပြီး ရေရှည်မှာ ကိုယ်အလေးချိန် လွန်ကဲတာနဲ့ ကလေးဘဝ အဝလွန်နိုင်ခြေကို သိသိသာသာမြင့်တက်စေပါတယ်။
■ မေး - ကလေးက မွေးပြီး ပထမပိုင်း လအနည်းငယ်မှာ အချိုဓာတ်နဲ့ သကြားပါတဲ့ အစားအစာတွေကို ကျင့်စားခဲ့ရင်၊ နောက်ပိုင်း အစာ စကျွေးတဲ့အခါ အစားရွေးတဲ့ ကလေးဖြစ်သွားနိုင်ပါသလား။
■ ဖြေ - မှန်ပါတယ်။ ကလေးငယ်တွေမှာ အရသာ ခံစားနိုင်တဲ့ လျှာဖူး (Taste buds) အသိအမြင် ပိုမို ထူထပ်စွာ ပါဝင်တာကြောင့် လူကြီးတွေထက် အရသာ Signal တွေကို ပိုမို ပြင်းထန်စွာ ခံစားရပါတယ်။
■ အချိုဓာတ်ရှိတဲ့ အစားအစာတွေကို စောစီးစွာ ကျွေးမွေးခြင်းက ကလေးတွေကို ပြင်းထန်တဲ့ အချိုဓာတ်ကိုပဲ ကြိုက်နှစ်သက်စေပြီး ဟင်းသီးဟင်းရွက်တွေလို နူးညံ့တဲ့ ဒါမှမဟုတ် အခါးဓာတ်ရှိတဲ့ အရသာတွေကို ငြင်းပယ်စေပါတယ်။
■ ရလဒ်အနေနဲ့ အာဟာရစုံလင်မှုကို ကန့်သတ်လိုက်သလိုဖြစ်သွားပြီး အာဟာရချို့တဲ့မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Source-The New Indian Express