#World_Health
Published 22 November 2026

■ Red Meat ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်း၊ စွမ်းအင်နဲ့ ဗီတာမင် B အုပ်စုတွေကို ရရှိစေနိုင်တဲ့ အရေးပါတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

■ ဒါပေမဲ့ သုတေသနတွေအရ အနီရောင်အသားစားသုံးခြင်းဟာ ကျန်းမာရေးအန္တရာယ်တချို့နဲ့လည်း ဆက်စပ်နေပါတယ်။

■ အထူးသဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပြီး အနီရောင်အသားကို အများအပြားစားသုံးသူတွေမှာ သေဆုံးနိုင်ခြေ ပိုများလာနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

■ အနီရောင်အသားနဲ့ ကျန်းမာရေး ၂၁ ရာစုအတွင်း အနီရောင်အသားစားသုံးခြင်း၊ ဒါမှမဟုတ် ယေဘုယျအားဖြင့် အသားစားသုံးခြင်းနဲ့ ကျန်းမာရေးပြဿနာတွေကြားက ဆက်စပ်မှုအကြောင်း အငြင်းပွားဆွေးနွေးမှုတွေ အများကြီးရှိလာခဲ့ပါတယ်။

■ အဲဒီကာလအတွင်းမှာပဲ ကမ္ဘာတစ်ဝန်း အနီရောင်အသားစားသုံးမှုဟာ တိုးလာခဲ့ပါတယ်။
အမေရိကန်မှာဆိုရင် အနီရောင်အသားဟာ လူအများဆုံး စားသုံးကြတဲ့ အသားအမျိုးအစား ဖြစ်ပါတယ်။

■ သုတေသနအများအပြားအရ အနီ ရောင်အသားစားးသုံးခြင်းဟာ အောက်ပါကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေကြောင်းတွေ့ရှိထားပါတယ်။

■ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါများ
ဆီးချိုရောဂါ
ကင်ဆာရောဂါများ
အနီရောင်အသားမှာ ပရိုတင်းနဲ့ အဆီဓာတ်တွေအများအပြားပါဝင်ပါတယ်။

■ ဒါကြောင့် အဆီဓာတ်ထဲက Saturated Fat (ပြည့်ဝဆီ) နဲ့ Cholesterol (ကိုလက်စထရော) တွေဟာ အထူးသဖြင့် အလွန်အကျွံ စားသုံးတဲ့အခါ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေဖြစ်နိုင်တယ်လို့ သုတေသီတချို့က ယူဆကြပါတယ်။

■ နောက်ထပ်ယူဆချက်တစ်ခုကတော့ အနီရောင်အသားမှာပါဝင်တဲ့ သံဓာတ်နဲ့ပတ်သက်ပါတယ်။

■ အနီရောင်အသားကရရှိတဲ့ သံဓာတ်၊ အထူးသဖြင့် Heme Iron လို့ခေါ်တဲ့ သံဓာတ်ဟာ နှလုံးကြွက်သားသွေးကြောပိတ်ခြင်း (Myocardial Infarction) နဲ့ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ မြင့်တက်ခြင်းတို့နဲ့ ဆက်စပ်နေတယ်လို့ လေ့လာမှုတချို့က ဖော်ပြထားပါတယ်။

■ ဒါပေမဲ့ သံဓာတ်သယ်ဆောင်ပေးတဲ့ Ferritin လို့ခေါ်တဲ့ ပရိုတင်းဓာတ်နဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ သုတေသနတချို့မှာတော့ ဒီအချက်ကိုပြန်လည်ကန့်ကွက်ထားကြပါတယ်။

■ အနီရောင်အသားစားခြင်းနဲ့ ကင်ဆာရောဂါ

■ အနီရောင်အသားစားသုံးခြင်းနဲ့ ဆက်စပ်မှု အထင်ရှားဆုံးတွေ့ရတဲ့ ကင်ဆာရောဂါကတော့ အူမကြီးနဲ့ အစာဟောင်းအိမ်ဆိုင်ရာ ကင်ဆာ (Colorectal Cancer) ဖြစ်ပါတယ်။

■ ဒါပေမဲ့ တခြားကင်ဆာအမျိုးအစားတချို့နဲ့လည်း ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

■ အနီရောင်အသား ပါဝင်တဲ့ သံဓာတ်၊ အထူးသဖြင့် Heme Iron နဲ့ သံဓာတ်အလွန်အကျွံ စုဆောင်းမိခြင်း (Iron Overload) တို့ဟာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။

■ ဒီဓာတ်တွေဟာ Nitrates လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေကနေ N-nitroso Compounds တွေ ဖြစ်ပေါ်လာမှုကို အားပေးနိုင်ပါတယ်။

■ အဲဒီဓာတ်ပေါင်းတွေကြောင့် -
အူမကြီးအတွင်းရှိ ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်ခြင်း။
အူမကြီးအတွင်းပိုင်းဆဲလ်တွေ ပုံမှန်ထက် ပိုမိုပွားများလာခြင်း။
ခန္ဓာကိုယ်အတွင်း Oxidative Stress (ဓာတ်တိုးဖိစီးမှု) မြင့်တက်လာခြင်း စတဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

■ ဒါ့အပြင် အနီရောင်အသားမှာ ကင်ဆာဖြစ်စေနိုင်တဲ့ တခြားဓာတ်ပစ္စည်းတွေလည်း ပါဝင်နိုင်ပါတယ်။

■ အသားကို အပူချိန်မြင့်မြင့်နဲ့ ချက်ပြုတ်တဲ့အခါမှာလည်း ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတချို့ ထပ်မံဖြစ်ပေါ်လာနိုင်ပါတယ်။

■ အဲဒီထဲမှာ -
N-nitroso Compounds
Polycyclic Aromatic Hydrocarbons (PAHs)
Heterocyclic Amines (HCAs)
တို့ ပါဝင်ပါတယ်။

■ ဒီဓာတ်ပစ္စည်းတွေဟာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ယူဆထားကြပါတယ်။

■ အထူးသဖြင့်  အနီရောင်အသား  အလွန်အကျွံစားသုံးခြင်းဟာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေတို့နဲ့ ဆက်စပ်နေပါတယ်။

■ Bacon၊ Sausage၊ Hot Dog လို ပြုပြင်ထုတ်လုပ်ထားတဲ့ အသားတွေကို အထူးသတိထားသင့်ပါတယ်။

■ အနီရောင်အသား အစား ငါး၊ ကြက်သား၊ ပဲအမျိုးမျိုး၊ အခွံမာသီးနဲ့ Whole Grains တွေကို အစားထိုးစားသုံးနိုင်ပါတယ်။

■ အနီရောင်အသားကို အပူချိန်မြင့်မြင့်နဲ့ လောင်ကျွမ်းတဲ့အထိချက်ပြုတ်ခြင်းကို ရှောင်သင့်ပါတယ်။

■ အနီရောင်အသားစားသုံးမှုနဲ့ သေဆုံးနိုင်ခြေကြားက ဆက်စပ်မှုကို လေ့လာတဲ့အခါ လူနေမှုပုံစံ၊ အစားအသောက်အလေ့အထနဲ့ လူမျိုးကွဲပြားမှုတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

Source-News-Medical-net