#World_Health
Published 24 October 2026
■ နှလုံးရောဂါဖြစ်နိုင်ခြေဟာ ကိုယ်တိုင်ဘာလက္ခဏာမှ မခံစားရသေးတဲ့အချိန်ကတည်းက နှစ်ပေါင်းများစွာ တဖြည်းဖြည်း မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကကျန်းမာနေတယ်၊ နေလို့ကောင်းနေတယ်ဆိုပြီး စိတ်ချလက်ချနေလို့မရပါဘူး။ အသက် ၃၀ ကျော်လာတဲ့အချိန်မှာ နှလုံးကျန်းမာရေးကို စတင်ဂရုစိုက်ဖို့လိုအပ်လာပါပြီ။
■ အထူးသဖြင့် အိန္ဒိယလူမျိုးတွေမှာ နှလုံးရောဂါဖြစ်ပွားတဲ့အသက်ဟာ တခြားလူမျိုးအချို့ထက် စောနိုင်တာကြောင့် သွေးပေါင်ချိန်၊ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်တွေကို စောစောစီးစီး စစ်ဆေးထားဖို့အရေးကြီးပါတယ်။
■ ■ ၁။ ဘာလက္ခဏာမှမရှိလည်း ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ထားသင့်တယ်
■ အသက် ၃၀ ကျော်လာရင် ရောဂါလက္ခဏာပေါ်လာမှ ဆေးစစ်တာမျိုးမလုပ်သင့်ပါဘူး။ သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောပမာဏတွေကို ပုံမှန်စစ်ဆေးထားသင့်ပါတယ်။
■ ■ အရေးကြီးတဲ့ သွေးစစ်ချက်တွေကတော့ -
■ Lipid Profile — သွေးထဲက ကိုလက်စထရောနဲ့ အဆီဓာတ်ပမာဏတွေကို စစ်ဆေးတာပါ။ အထူးသဖြင့် LDL လို့ခေါ်တဲ့ မကောင်းတဲ့ကိုလက်စထရော များနေမယ်ဆိုရင် သွေးကြောနံရံတွေမှာ အဆီနဲ့အညစ်အကြေးတွေစုပုံလာပြီး သွေးကြောကျဉ်းတာ၊ နှလုံးရောဂါဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။
■ Fasting Blood Sugar — အစာမစားခင် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးတာဖြစ်ပြီး သွေးချိုရောဂါဖြစ်နိုင်ခြေကို သိနိုင်ပါတယ်။
■ HbA1c — လွန်ခဲ့တဲ့ ၂ လကနေ ၃ လအတွင်း သွေးတွင်းသကြားဓာတ် ပျမ်းမျှဘယ်လောက်ရှိခဲ့လဲဆိုတာ သိနိုင်ပါတယ်။ ဆီးချိုရောဂါမဖြစ်ခင် အဆင့်ဖြစ်တဲ့ Prediabetes ကိုလည်း ရှာဖွေရာမှာ အထောက်အကူပြုပါတယ်။
■ ဒီစစ်ဆေးမှုတွေက လက္ခဏာမပေါ်သေးခင်မှာပဲ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေကို ကြိုသိနိုင်ဖို့ ကူညီပေးပါတယ်။
■ ■ ၂။ တစ်နေကုန်ထိုင်နေတာကိုလျှော့ချပါ
■ ရုံးမှာ အလုပ်လုပ်တာ၊ ကွန်ပျူတာရှေ့အချိန်ကြာကြာထိုင်တာ၊ ကားနဲ့သွားလာတာတွေကြောင့် တစ်နေ့တာလုံးလှုပ်ရှားမှုနည်းနေတတ်ပါတယ်။
■ အပြင်းအထန်လေ့ကျင့်ခန်းလုပ်ဖို့ အမြဲမလိုပါဘူး။ နေ့စဉ်ဘဝထဲမှာ လှုပ်ရှားမှုလေးတွေ ထည့်ပေးဖို့ပဲ လိုပါတယ်။
■ လမ်းလျှောက်တာ၊ စက်ဘီးစီးတာလို ကိုယ်လက်လှုပ်ရှားမှုတွေ ပုံမှန်လုပ်ပါ။
■ အချိန်ကြာကြာ ထိုင်နေရရင် ခဏခဏ ထပြီး လမ်းလျှောက်ပါ။
■ အလုပ်လုပ်နေရင်း ခဏတာအကြောလျှော့တာ၊ ကိုယ်လက်ဆန့်တာတွေ လုပ်ပေးပါ။
■ ဒီလို ပုံမှန်လှုပ်ရှားပေးခြင်းက ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောတွေကို ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။
■ ■ ၃။ နေ့စဉ်စားသောက်တဲ့ အစားအစာတွေကိုဂရုစိုက်ပါ
■ အလုပ်များလို့ အပြင်စာတွေ၊ အသင့်စားအစားအစာတွေ၊ ညနက်မှစားတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ နေ့စဉ်စားသောက်မှုပုံစံက နှလုံးကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။
■ အစားအသောက်မှာ အောက်ပါအချက်တွေကို ဂရုစိုက်သင့်ပါတယ်။
■ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပဲအမျိုးမျိုးကို ပိုစားပါ။
■ အခွံမာသီးနဲ့ အစေ့အဆန်တွေကို သင့်တင့်မျှတစွာ စားသုံးပါ။
■ သကြား၊ ဆားနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဆီများတဲ့ အစားအစာတွေကို လျှော့စားပါ။
အပြင်စာစားတဲ့အခါ အကြော်အလှော်တွေထက် ပြုတ်ထားတာ၊ ပေါင်းထားတာ၊ ကင်ထားတာတွေကို ရွေးချယ်ပါ။
■ တစ်ခါစားရင်အလွန်အကျွံမစားမိအောင်ပမာဏကိုထိန်းပါ။
■ အဓိကက ကိုယ်စားနေကျ အစားအစာတွေကို တစ်ခါတည်း အကုန်ဖြတ်ပစ်ဖို့ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို တဖြည်းဖြည်း ပိုထည့်စားသွားဖို့ပါ။
■ ■ ၄။ ဆေးလိပ်၊ အိပ်ရေးနဲ့ စိတ်ဖိစီးမှုကိုလည်းလျစ်လျူမရှုပါနဲ့
■ ဆေးလိပ်သောက်ခြင်း က သွေးကြောတွေကို ထိခိုက်စေပြီး နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ကိုယ်တိုင်ဆေးလိပ်မသောက်ပေမဲ့ တခြားသူတွေရဲ့ ဆေးလိပ်ငွေ့ကို ရှူမိတာကလည်း အန္တရာယ်ရှိပါတယ်။ ဆေးလိပ်သောက်နေသူတွေက ဖြတ်ဖို့ အကူအညီတောင်းခံသင့်ပါတယ်။
■ အိပ်ရေးဝဝအိပ်ဖို့ လည်း အရေးကြီးပါတယ်။ အိပ်ရေးမဝတာ ရေရှည်ဖြစ်လာရင် သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ အိပ်နေချိန် ဟောက်သံအရမ်းကျယ်တာ၊ အသက်ရှူမဝလို့ လန့်နိုးတာတွေ ရှိရင်လည်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
■ စိတ်ဖိစီးမှုကိုလည်း ထိန်းချုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ ဖုန်းနဲ့ ကွန်ပျူတာကို ခဏနားတာ၊ မိသားစုနဲ့ မိတ်ဆွေတွေအတွက် အချိန်ပေးတာ၊ ကိုယ်စိတ်အပန်းပြေစေမယ့် အရာတွေ လုပ်တာက အထောက်အကူဖြစ်စေပါတယ်။
■ ■ ၅။ နှလုံးရောဂါဖြစ်နိုင်ခြေကို သိဖို့ ဒီစစ်ဆေးမှုတွေလည်း အရေးကြီးတယ်
■ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်တင် မဟုတ်ပါဘူး။ တခြားစစ်ဆေးမှုတချို့ကိုလည်း ကိုယ့်ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးသင့်ပါတယ်။
■ Creatinine နဲ့ eGFR — ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်ကို စစ်ဆေးတာပါ။
■ ကျောက်ကပ်လုပ်ဆောင်ချက် ကျဆင်းနေရင် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေလည်းမြင့်တက်နိုင်ပါတယ်။
■ Urine Albumin-to-Creatinine Ratio (UACR) — ဆီးထဲမှာ ပရိုတင်းတစ်မျိုးဖြစ်တဲ့ အယ်လ်ဘျူမင် ပုံမှန်ထက် ပိုထွက်နေသလားဆိုတာ စစ်ဆေးတာပါ။ အထူးသဖြင့် သွေးတိုး၊ ဆီးချိုရှိသူတွေမှာ ကျောက်ကပ်ထိခိုက်မှုကို စောစောသိနိုင်ဖို့ အသုံးဝင်ပါတယ်။
■ Lipoprotein(a) သို့မဟုတ် Lp(a) — မျိုးရိုးဗီဇနဲ့ အဓိကဆက်စပ်နေတဲ့ သွေးတွင်းအဆီဓာတ်တစ်မျိုးပါ။ ပုံမှန် ကိုလက်စထရောစစ်ဆေးမှုမှာ မပါဝင်တတ်ပါဘူး။ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကို ပိုမိုသိရှိဖို့ လူတစ်ဦးရဲ့ဘဝတစ်လျှောက် အနည်းဆုံးတစ်ကြိမ်စစ်ဆေးဖို့အကြံပြုထားတဲ့ လမ်းညွှန်ချက်တွေလည်းရှိပါတယ်။
■ Familial Hypercholesterolemia စစ်ဆေးမှု — အသက်ငယ်ငယ်နဲ့ LDL ကိုလက်စထရော အလွန်မြင့်နေသူတွေ၊ မိသားစုထဲမှာ အသက်ငယ်ငယ်နဲ့ နှလုံးရောဂါဖြစ်ဖူးသူတွေရှိရင် မျိုးရိုးလိုက် ကိုလက်စထရောမြင့်တက်တဲ့ ရောဂါအခြေအနေကို ဆရာဝန်က စဉ်းစားစစ်ဆေးနိုင်ပါတယ်။
Source-India Today