#World_Health
Published 21 November 2026
■ သုတေသနတွေအရ အသက်ကြီးလာခြင်းအပေါ် အကောင်းမြင်စိတ်ထားရှိခြင်းဟာ ကိုယ့်ကိုယ်ကို အသက်ငယ်သလို ခံစားရစေရုံသာမက အသက်ပိုရှည်စွာ နေထိုင်နိုင်ဖို့ပါ အထောက်အကူပြုနိုင်ပါတယ်။ ဒါဆို ကိုယ့်ဘဝထဲမှာ အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံတဲ့ အမြင်တွေကို ဘယ်လိုတွန်းလှန်ကြမလဲ။
■ အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံမှုဆိုတာ ကိုယ့်ကိုယ်ကိုယ်အပေါ်ထားတဲ့ အမြင်ကိုပါ ပြောင်းလဲစေနိုင်တယ်
“အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံမှုဟာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဘယ်လိုမြင်သလဲဆိုတာကိုပါ ပြောင်းလဲသွားစေနိုင်ပါတယ်။”
■ ဒါကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံမှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာဖော်ပြထားတဲ့အချက်တစ်ခုပါ။
■ အသက်အရွယ်ကြောင့် လူတစ်ယောက်အပေါ် မကောင်းတဲ့အမြင်ထားတာ၊ ခွဲခြားဆက်ဆံတာ၊ မမျှတစွာ ဆက်ဆံတာတွေကို Ageism လို့ ခေါ်ပါတယ်။ ဒီလိုအပြုအမူတွေဟာ တခြားသူတွေအပေါ်တင် မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်အပေါ်မှာလည်း ဖြစ်နိုင်ပါတယ်။
■ ဒီလို အမြင်မှားတွေကို ပြုပြင်ဖို့ဟာ လူတိုင်းအတွက် ပိုမိုတန်းတူညီမျှတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရာမှာ အရေးကြီးတယ်လို့ WHO က ဆိုပါတယ်။
■ ဒါ့အပြင် အသက်အရွယ်အပေါ် အဆိုးမြင်တဲ့ အတွေးအခေါ်တွေကို တွန်းလှန်ခြင်းဟာ ကျန်းမာရေးအတွက်လည်း အကျိုးရှိပါတယ်။ သုတေသနတွေအရ အသက်ကြီးလာခြင်းကို အကောင်းမြင်သူတွေဟာ ကိုယ့်ကိုယ်ကို အသက်ငယ်သလို ခံစားရနိုင်ပြီး အသက်ပိုရှည်နိုင်ခြေလည်းရှိပါတယ်။
■ တကယ်တော့ အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံမှုဟာ ဘယ်အသက်အရွယ်မှာမဆို ကြုံတွေ့ရနိုင်ပါတယ်။
■ ဥပမာ Gen Z လို့ခေါ်တဲ့ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း မွေးဖွားသူတွေကိုပဲ ကြည့်ပါ။ သူတို့ကို မျိုးဆက်ကြီးတွေက “ပျင်းရိတယ်” ဆိုပြီး ဝေဖန်သတ်မှတ်တာမျိုးတွေ ရှိပါတယ်။
ဒါပေမဲ့ ဒီလိုခွဲခြားဆက်ဆံမှုဟာ အသက်ကြီးသူတွေမှာ ပိုပြီးတွေ့ရလေ့ရှိပါတယ်။ သုတေသနအများစုကလည်း သက်ကြီးရွယ်အိုတွေကို အဓိကထားလေ့လာထားကြပါတယ်။
■ ယူကေမှာဆိုရင် လူ ၃ ယောက်မှာ ၁ ယောက်ဟာ အသက်အရွယ်ကြောင့် မလိုမုန်းထားဆက်ဆံခံရတာ၊ ခွဲခြားဆက်ဆံခံရတာမျိုး ကြုံတွေ့နေရပါတယ်။
■ အမေရိကန်နိုင်ငံမှာ အသက် ၅၀ ကနေ ၈၀ ကြား လူပေါင်း ၂,၀၀၀ ကို လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုမှာလည်း ၉၃ ရာခိုင်နှုန်းက နေ့စဉ်ဘဝမှာ အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံမှုတစ်မျိုးမျိုးကို ကြုံတွေ့ခဲ့ရတယ်လို့ ဖြေဆိုခဲ့ကြပါတယ်။
■ အဲဒီထဲမှာ ကိုယ့်ကိုယ်ကိုယ် အသက်အရွယ်နဲ့ပတ်သက်ပြီး အဆိုးမြင်တာက အများဆုံးဖြစ်ပြီး၊ အသက်အရွယ်ကို အခြေခံထားတဲ့ မကောင်းတဲ့ သတင်းစကားတွေနဲ့ အမြင်တွေကို ကြုံတွေ့ရတာက ဒုတိယအများဆုံး ဖြစ်ပါတယ်။
■ ကနေဒါနိုင်ငံ McMaster Institute for Research on Aging ရဲ့ သိပ္ပံဆိုင်ရာ ဒါရိုက်တာ Parminder Raina ကတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကို ပြောပါတယ်။
■ “အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံတဲ့သူတိုင်းဟာ တစ်နေ့မှာ ကိုယ်တိုင်လည်း အသက်ကြီးလာမယ့်သူတွေပါပဲ။ ဒါပေမဲ့ လူတွေက ဒါကို ကိုယ်နဲ့လည်း သက်ဆိုင်တဲ့ကိစ္စတစ်ခုလို့ မမြင်ကြဘူး။”
■ ၂၀၃၀ ပြည့်နှစ်ရောက်ရင် ကမ္ဘာပေါ်မှာ အသက် ၆၀ နဲ့အထက် လူဦးရေဟာ ၆ ယောက်မှာ ၁ ယောက်အထိ ရှိလာမယ်လို့ခန့်မှန်းထားပါတယ်။
■ အသက်ကြီးလာခြင်းအပေါ် အဆိုးမြင်တဲ့ အယူအဆတွေဟာ ငယ်စဉ်ကတည်းက စတင်ပေါ်ပေါက်လာတတ်ပါတယ်။ မိဘတွေဆီကနေဖြစ်စေ၊ မီဒီယာတွေကနေဖြစ်စေ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီးဖြစ်စေ ဒီလိုအမြင်တွေရရှိလာနိုင်ပါတယ်။
■ သုတေသနတစ်ခုအရ ကလေးငယ်တွေဟာ အသက် ၃ နှစ်အရွယ်လောက်ကတည်းက အသက်အရွယ်နဲ့ပတ်သက်တဲ့ အမြင်တွေကိုစတင်သင်ယူလာနိုင်ပါတယ်။
■ ဒါကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက လူ့ဘဝရဲ့ အသက်အရွယ်အဆင့်ဆင့်အကြောင်း သင်ကြားပေးဖို့ လိုအပ်တယ်လို့ သုတေသီတချို့က အကြံပြုထားပါတယ်။ ဒါမှသာ အသက်ကြီးလာခြင်းကို မှန်မှန်ကန်ကန် နားလည်ပြီး တစ်နေ့မှာကိုယ်တိုင်လည်း အသက်ကြီးလာမယ့် ဘဝအတွက် ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
■ Parminder Raina ကတော့ -
“အသက်ကြီးလာတာဟာ ပျက်စီးယိုယွင်းလာတာ မဟုတ်ပါဘူး။ ဒါဟာ ခေတ်မီပြည်သူ့ကျန်းမာရေးစနစ်ရဲ့ အံ့မခန်းအောင်မြင်မှုတစ်ခုပါပဲ” လို့ ပြောပါတယ်။
■ အဆိုးမြင်စိတ်က ကိုယ့်အတွက် ကိုယ်တိုင်ပြန်ပြီး အတားအဆီးဖြစ်လာနိုင်တယ်။
အသက်ကြီးလာခြင်းအကြောင်း ကျွန်တော်တို့ ဘယ်လိုပြောဆိုကြသလဲဆိုတာက အဲဒီအပေါ်ထားတဲ့ ကိုယ့်ရဲ့ခံစားချက်ကို သက်ရောက်စေနိုင်ပါတယ်။ အဲဒီခံစားချက်ကတစ်ဆင့် ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုပါ ပြောင်းလဲစေနိုင်ပါတယ်။
■ ဥပမာ မီဒီယာတွေမှာ သုံးလေ့ရှိတဲ့ “Grey Tsunami” ဆိုတဲ့ အသုံးအနှုန်းကို ကြည့်ပါ။
အဓိပ္ပာယ်ကတော့ ဆံပင်ဖြူလာတဲ့ သက်ကြီးရွယ်အိုလူဦးရေ များပြားလာခြင်းကို ဆူနာမီရေလှိုင်းကြီးတစ်ခုလို ပုံဖော်ထားတာပါ။
■ ဒါပေမဲ့ ဆူနာမီဆိုတာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ အင်အားကြီးမားတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုပါ။
■ အသက်ကြီးလာခြင်းကို အဲဒီလို အပျက်သဘောဆောင်တဲ့ အရာတစ်ခုလို ပုံဖော်တာဟာ မသင့်တော်ဘူးလို့ Raina က ဆိုပါတယ်။
■ “အသက်ကြီးလာခြင်းဟာ ဖျက်ဆီးတတ်တဲ့ အင်အားတစ်ခု မဟုတ်ပါဘူး။ ဒါဟာ ခေတ်မီပြည်သူ့ကျန်းမာရေးစနစ်ကြောင့် လူတွေ ပိုမိုကျန်းမာစွာ အသက်ရှည်ရှည် နေထိုင်နိုင်လာတဲ့ အောင်မြင်မှုတစ်ခုပါပဲ။”
■ အသက်ကြီးလာတာကို အဆိုးမြင်တဲ့ အတွေးတွေဟာ သက်ကြီးရွယ်အိုတွေကို ကိုယ့်ကိုယ်ကိုယ် အဲဒီအမြင်တွေအတိုင်း ပြန်လည်သတ်မှတ်မိစေနိုင်ပါတယ်။
■ ဥပမာ - “ငါက အသက်ကြီးနေပြီ။ အသစ်တွေ သင်ယူဖို့ မဖြစ်နိုင်တော့ဘူး” လို့ တွေးလာနိုင်ပါတယ်။
■ တကယ်တော့ သင်ယူနိုင်စွမ်း ရှိနေသေးပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့တာကြောင့် အခွင့်အရေးအသစ်တွေကို လက်လွှတ်လိုက်ရတာမျိုး ဖြစ်လာနိုင်ပါတယ်။
■ ဒီဖြစ်စဉ်ကို သုတေသနပညာရှင်တွေက Stereotype Embodiment Theory လို့ ခေါ်ကြပါတယ်။
■ ဆိုလိုတာက လူ့အဖွဲ့အစည်းထဲမှာ ရှိနေတဲ့ အသက်အရွယ်ဆိုင်ရာ အယူအဆတွေကို ကိုယ်တိုင်မသိလိုက်ဘဲ လက်ခံလာပြီး နောက်ဆုံးမှာ အဲဒီအယူအဆတွေက ကိုယ့်ရဲ့နေ့စဉ်ဘဝ၊ အပြုအမူနဲ့ ကျန်းမာရေးအပေါ် သက်ရောက်လာတာပါ။
■ တစ်နည်းအားဖြင့် ကိုယ့်အပေါ်ထားတဲ့ အဆိုးမြင်စိတ်က ကိုယ့်အတွက် ကိုယ်တိုင်ပြန်ပြီး အတားအဆီးဖြစ်လာတာမျိုးပါပဲ။
■ အသက်အရွယ်အပေါ် အမြင်မှားတွေကို ဘယ်လိုကျော်လွှားကြမလဲ
■ Hannah Swift ကတော့ အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံမှုကို ကျော်လွှားဖို့ လူမှုအဖွဲ့အစည်းတစ်ခုလုံးရဲ့ အမြင်တွေကို ပြောင်းလဲဖို့လိုသလို တစ်ဦးချင်းစီရဲ့ အမြင်တွေကိုလည်း ပြုပြင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
■ ဥပမာ မိသားစုအတွင်းမှာ အသက်ကြီးသူတွေကို ဘယ်လိုဆက်ဆံသလဲ၊ ဘယ်လိုစံနမူနာယူစရာ ပုဂ္ဂိုလ်တွေရှိသလဲဆိုတာတွေက အရေးကြီးပါတယ်။
■ ၂၀၁၆ ခုနှစ်က လေ့လာမှုတစ်ခုမှာ ပါဝင်ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းက အောင်မြင်စွာ အသက်ကြီးလာခြင်းအတွက် စံနမူနာယူစရာတစ်ဦးဦးရှိတယ်လို့ဖြေဆိုခဲ့ကြပါတယ်။
■ အများစုကတော့ မိဘ၊ ဘိုးဘွားနဲ့ မိသားစုဝင်တွေကို ဥပမာပေးခဲ့ကြပါတယ်။
■ ဒီလို စံနမူနာယူစရာ ပုဂ္ဂိုလ်တွေ ရှိနေသူတွေဟာ အသက်ကြီးလာခြင်းအပေါ် အဆိုးမြင်စိတ် ပိုနည်းကြတယ်လို့လည်း တွေ့ရှိခဲ့ရပါတယ်။
■ ဒါကြောင့် အသက်အရွယ်မတူညီတဲ့ လူတွေကြားမှာ အပြန်အလှန် နားလည်မှုရှိဖို့၊ အတူတကွ နေထိုင်ဆက်ဆံဖို့ လိုအပ်ပါတယ်။
■ သုတေသနတွေအရ မျိုးဆက်မတူညီသူတွေ အတူတကွ ပါဝင်လုပ်ဆောင်တဲ့ အစီအစဉ်တွေဟာ အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံမှုကို သိသိသာသာ လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် အကုန်အကျလည်း အများကြီးမရှိပါဘူး။
■ ကမ္ဘာတစ်ဝန်းမှာ အသက် ၁၀၀ ကျော်အထိ အသက်ရှည်သူတွေ များပြားတဲ့ Blue Zones လို့ခေါ်တဲ့ ဒေသတွေကို ကြည့်မယ်ဆိုရင်လည်း မျိုးဆက်ပေါင်းစုံ အတူနေထိုင်ကြတာ၊ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းကြား ဆက်ဆံရေးခိုင်မာတာတွေကို တွေ့ရပါတယ်။
■ ဒီလို လူမှုဆက်ဆံရေးကောင်းမွန်ခြင်းဟာ အထီးကျန်မှုကို လျော့နည်းစေပြီး လူတွေအကြား နွေးထွေးတဲ့ ဆက်သွယ်မှုတွေကို တိုးပွားစေပါတယ်။ ဒါတွေဟာ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့ အထောက်အကူပြုတဲ့အချက်တွေဖြစ်ပါတယ်။
Sorce-Bbc