#World_Health
Published 04 June 2026
■ ဒိုက်ထိုးနိုင်တဲ့ အကြိမ်အရေအတွက်က လက်မောင်းကြွက်သား သန်စွမ်းမှုကိုသာမက အလုံးစုံကျန်းမာရေးအကြောင်းကိုလည်း ဖော်ပြနိုင်ပါတယ်။
■ သက်လတ်ပိုင်း အမျိုးသားတွေအတွက် အနည်းဆုံး အကြိမ် ၂၀ ဒိုက်ထိုးနိုင်ခြင်းဟာ နောက် ၁၀ နှစ်အထိ အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးပါးနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း Life Time ကျန်းမာကြံ့ခိုင်ရေးအဖွဲ့မှ သီးသန့်ထရိန်နာ မယ်ရီအွန်ယန်ဂိုက ပြောပါတယ်။
■ အမေရိကန်တဝှမ်း စစ်တမ်းအရ လူတဝက်ကျော်လောက်ဟာ ၁၀ ကြိမ်ဆက်တိုက် ဒိုက်မထိုးနိုင်ကာ ၃ ပုံ ၁ ပုံကျော်ကတော့ ၅ ကြိမ်တောင် မရပါဘူး။
■ ဒီအတွက် အသက်အရွယ်အလိုက် ဒိုက်ထိုးနိုင်သင့်တဲ့ အကြိမ်အရေအတွက်တွေကို အွန်ယန်ဂိုက ဖော်ပြထားပါတယ်။
■ အသက် ၂၀ ဝန်းကျင်မှာ ၁၅-၃၀ ကြိမ်၊ အသက် ၃၀ ဝန်းကျင်မှာ ၁၂-၂၅ ကြိမ်၊ အသက် ၄၀ ဝန်းကျင်မှာ ၁၀-၂၀ ကြိမ်၊ အသက် ၅၀ ဝန်းကျင်မှာ ၈-၁၅ ကြိမ်၊ အသက် ၆၀ ဝန်းကျင်မှာ ၆-၁၂ ကြိမ်၊ အသက် ၇၀ ဝန်းကျင်မှာ ဒူးထောက်ဒိုက်ထိုး ၅-၁၀ ကြိမ်၊ အသက် ၈၀ ဝန်းကျင်မှာ ဒူးထောက်ဒိုက်ထိုး ၃-၇ ကြိမ်၊ အသက် ၉၀ ဝန်းကျင်မှာ ဒူးထောက်ဒိုက်ထိုး ၂-၅ ကြိမ် အသီးသီး ရှိသင့်ပါတယ်။
■ အသက်ကြီးလာတဲ့အခါ ကြံ့ခိုင်မှု၊ လှုပ်ရှားနိုင်စွမ်း၊ နာလန်ထူချိန်တို့ လျော့ကျလာတဲ့အပြင် ထိခိုက်ဒဏ်ရာ ရနိုင်တာကြောင့် ဒိုက်ထိုးတဲ့အခါ ဒူးထောက်ပြီး လုပ်နိုင်ပါတယ်။
■ ဒိုက်ထိုးတဲ့အခါ ကြွက်သားအုပ်စုတွေ အလုပ်လုပ်စေပြီး အဆစ်အမြစ်တည်ငြိမ်မှု၊ အရိုးသိပ်သည်းမှု၊ နှလုံးသွေးကြော ကြံ့ခိုင်မှုတို့ အားကောင်းစေပါတယ်။
■ အခုမှစပြီး ဒိုက်ထိုးမယ့်သူတွေကတော့ အကြိမ်ရေ အနည်းငယ် စလုပ်သင့်ပြီး လိုအပ်ရင် ပြုပြင်လုပ်ဆောင်ရင်း ဖြည်းဖြည်းချင်း ကြံ့ခိုင်အောင် တည်ဆောက်သွားနိုင်ပါတယ်။
Source: New York Post