#World_Health
Published 27 June 2026

■ ဦးနှောက်ကျန်းမာရေး အထောက်အကူဖြစ်မယ့် စားစရာတွေနဲ့ ပတ်သက်ပြီး မှိုတွေကို အသစ်လေ့လာခဲ့ရာမှာ မှိုပုံမှန်စားသုံးခြင်းဖြင့် အသက်ကြီးတဲ့အခါ ဦးနှောက်အသိဉာဏ် ချို့ယွင်းနိုင်ခြေ လျှော့ချနိုင်ဖွယ်ရှိပြီး ဦးနှောက်လုပ်ဆောင်ချက် ထိန်းသိမ်းပေးနိုင်မယ်လို့ ယူဆလာရပါတယ်။

■ မှိုတွေမှာ တွေ့ရတဲ့ အာဂိုသီယိုနိုင်း(ERGO)ဓာတ်က ဓာတ်တိုးဆန့်ကျင်ခြင်းနဲ့ ရောင်ရမ်းဆန့်ကျင်ခြင်း အာနိသင်တို့ ပိုင်ဆိုင်တာကြောင့် အိုမင်းခြင်းနဲ့ ဦးနှောက်စွမ်းရည် ကျဆင်းခြင်းတို့ကနေ ဦးနှောက်ကို ကာကွယ်ပေးနိုင်မယ်လို့ တွေ့ရှိထားပါတယ်။

■ ERGO ပမာဏမြင့်မားခြင်းက ဦးနှောက်အသိဉာဏ် လုပ်ဆောင်ချက် ကောင်းမွန်စေနိုင်ပြီး ဒီမန်ရှာ၊ အယ်ဇိုင်းမားရောဂါတို့ ဖြစ်နိုင်ခြေနည်းစေကာ ပမာဏနည်းရင်တော့ မှတ်ဉာဏ်ကျဆင်းမှု ပိုမိုမြန်ဆန်စေနိုင်ပါတယ်။

■ ERGO ဓာတ် အဓိကရရှိစေတဲ့ မှိုတွေထဲမှာ ရှီတာကဲမှို၊ ကမာမှို၊ ခြင်္သေ့လည်ဆံမှို၊ ကမာမှိုဘုရင်စတဲ့ အမျိုးအစားတွေ ပါဝင်ပါတယ်။

■ မှိုက ဗိုက်တာမင်-ဘီအုပ်စု၊ ဆယ်လီနီယံ၊ ကြေးနီ၊ အမျှင်ဓာတ်တို့လို ဦးနှောက်ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အခြားအာဟာရဓာတ်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။

■ ERGO က ဆဲလ်စွမ်းအင်ထုတ်စက်များကို ကာကွယ်ပေးပြီး ဦးနှောက်အတွင်းမှ အမိုင်လွိုက်အဖတ်များ ဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ကြောင်း သုတေသနတွေမှာ တွေ့ထားပါတယ်။

■ ဦးနှောက်ကျန်းမာရေး အထောက်အကူ ပြုစေနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံး မှို ၄ ကြိမ်ခန့် ထည့်သွင်းစားသုံးရန် ပညာရှင်များ အကြံပြုထားပါတယ်။

■ ဒီတွေ့ရှိချက်တွေက အလားအလာကောင်းပေမယ့် ဆက်စပ်မှုအကြောင်းအရင်း မှန်ကန်တယ်လို့ အပြည့်အဝ သက်သေမပြနိုင်သေးတာကြောင့် နောက်ထပ်သုတေသနတွေ လိုအပ်တယ်လို့ သတိပေးထားပါတယ်။

Source: The Jerusalem Post