#Local_News
၂ ဇွန်၊နယူးဒေလီ-

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့နှင့် ဇွန် ၂ရက်က နယူးဒေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယနေ့ ဇွန် ၂ရက်နေ့တွင် မွမ်ဘိုင်းမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

■ နိုင်ငံတော်သမ္မတသည် ၂-၆-၂၀၂၆ ရက်နှင့် ၃-၆-၂၀၂၆ ရက်တို့တွင် မဟာရက်ရှ်ထရာ ပြည်နယ် အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ မွမ်ဘိုင်းမြို့ခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်မည်ဖြစ်သည်။

■ နိုင်ငံတော်သမ္မတသည် နယူးဒေလီတွင်ရှိနေစဉ်အတွင်း အိန္ဒိယနိုင်ငံသမ္မတနှင့်အတူ သမ္မတအိမ်တော် ဧည့်ခန်းမ၌ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြ သည်။

■ သမ္မတနှစ်ဦးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံအားပေးလျက်ရှိမှု၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်စေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

■ ထို့အပြင် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုအမွေအနှစ်များ အပြန်အလှန်ထိန်းသိမ်းရေး၊ ခရီးသွား ကဏ္ဍမြှင့်တင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား မိတ်ဆွေရင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှုအခြေအနေများ၊နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

■ ထို့အပြင်နိုင်ငံတော်သမ္မတသည် အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့သည်။ (သီးခြား သတင်းထုတ်ပြန်ပြီး)

■ ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး တို့ကို အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးသည်အရေးကြီးကြောင်း နှစ်နိုင်ငံလုံးက တူညီသော သဘောထားရှိကြသည်ဟု ပူးတွဲသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။