၃ အောက်တိုဘာ ၂၀၂၄

ဂျပန်လေဆိပ်တစ်ခုအတွင်း မြုပ်နေတဲ့ မပေါက်ကွဲသေးတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ဗုံး တစ်လုံး ဗုဒ္ဓဟူးနေ့က ပေါက်ကွဲခဲ့ရာ လေယာဉ်ချည်းကပ်ပြေးလမ်းတစ်ခုတွင် တွင်းပေါက်ကြီးဖြစ်သွားခဲ့ သည့်အပြင် လေယာဉ်ခရီးစဉ်ပေါင်း ၈၀ ကျော် ဖျက်သိမ်းခဲ့ရပါတယ်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း မီယာဇာကီလေဆိပ်တွင် အဆိုပါ ဗုံးဟောင်းပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရသူများမရှိခဲ့ပဲ ပေါက်ကွဲသည့်အနားတွင်လည်း မည်သည့် လေယာဉ်မှရှိမနေကြောင်း ဂျပန်နိုင်ငံ ကုန်းလမ်းနှင့်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက အရာရှိတွေက ပြောကြပါတယ်။

ဂျပန်ကာကွယ်ရေးတပ်ဖွဲ့နှင့်ရဲဌာနတွေရဲ့ စုံစမ်းစစ်ဆေးမှုအရ ထိုသို့ပေါက်ကွဲမှုမှာ ၅၀၀ ပေါင်ရှိသော အမေရိကန်ဗုံးဟောင်းတစ်လုံးကြောင့်ဖြစ်ကြောင်းသိရပါတယ်။ရုတ်တရက်ကြီးပေါက်ကွဲရတဲ့ အကြောင်း   ရင်းကိုတော့ အရာရှိတွေက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။  ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်ခဲ့ တဲ့တွင်းကြီးမှာ အချင်း ၇မီတာနှင့် အနက်တစ်မီတာခန့်ရှိတယ်လို့သိရပါတယ်။

လေယာဉ်ခရီးစဉ်  ၈၀ ကျော်ဖျက်သိမ်းခဲ့ရတယ်လို့ ဝန်ကြီးအဖွဲ့အတွင်းရေးမှူးချုပ် ယိုရှီမာဆာ ဟာရာရှီ ကပြောပါတယ်။

ပျက်စီးသွားတဲ့ ချည်းကပ်ပြေးလမ်းကို ပြန်လည်ပြုပြင်ခဲ့ပြီးနောက် ကြာသပတေးနေ့ မနက်မှာ လေယာဉ်ပျံသန်းမှုတွေပြန်လည်ပြုလုပ်နိုင်ခဲ့ပါတယ်။

မီယာဇာကီလေဆိပ်ကို ၁၉၄၃ခုနှစ်မှာ ဂျပန်အင်ပါယာရေတပ် လေ့ကျင့်ရေးကွင်းအဖြစ် တည်ဆောက်ခဲ့ ပါတယ်။ အဲဒီလေဆိပ်ကနေ အချို့လေယာဉ်မှူးတွေဟာ အသေခံ တိုက်ခိုက်ရေးမစ်ရှင်တွေပျံသန်းလုပ် ဆောင်ခဲ့ကြပါတယ်။

အဲဒီနေရာတစ်ဝိုက်မှာ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်စစ်တပ်က ပစ်ချခဲ့တဲ့ ဗုံးအဟောင်း တွေ တော်တော်များများ တူးဖော်တွေ့ရှိခဲ့ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

မပေါက်ကွဲသေးတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးဟောင်းတွေ တန်ရာနှင့်ချီပြီး ဂျပန်နိုင်ငံရဲ့မြေကြီးထဲမှာ ရှိနေတုန်းပဲဖြစ်ပြီး တစ်ခါတရံမှာ ဆောက်လုပ်ရေးလုပ်ရင်းမြေတူးဖော်တဲ့အခါ တွေ့ရှိခဲ့ကြပါတယ်။

Source AP