၁ နိုဝင်ဘာ ၂၀၂၄

အင်ဒိုနီးရှားနိုင်ငံက Google Pixel မိုဘိုင်းလ်ဖုန်းတွေပြည်တွင်း ရောင်းချခြင်းကို တားဆီးပိတ်ပင်လိုက် ပါတယ်။ ဥပဒေလိုအပ်ချက်အရ အင်ဒိုနီးရှားမှာ ရောင်းချမယ့်  ဖုန်းတွေမှာ ပြည်တွင်းထုတ် အစိတ်အပိုင်း တွေ ပါဝင်ရမှာဖြစ်တဲ့အတွက် ဂူးဂဲလ်ရဲ့ဖုန်းတွေက အင်ဒိုနီးရှားပြည်တွင်းထုတ်အစိတ်အပိုင်းတွေမပါဝင် လို့ ယခုလိုရောင်းချခွင့်ပိတ်လိုက်တာဖြစ်ပါတယ်။

မကြာသေးခင်ကလဲ အလားတူအကြောင်းပြချက်နှင့် နာမည်ကြီး အက်ပဲလ်ရဲ့နောက်ဆုံးထုတ် iPhone 16 တွေကို အင်ဒိုနီးရှားမှာ ရောင်းချခွင့်ပိတ်ခဲ့ပြီးနောက် ယခု ဂူးဂဲလ်ဖုန်းတွေ ထပ်အပိတ်ခံရတာပါ။

Google Pixel တွေဟာ ဥပဒေအရလိုအပ်ချက်ဖြစ်တဲ့ ပြည်တွင်းထုတ် အစိတ်အပိုင်း အနည်းဆုံး ၄၀ ရာခိုင်နှုန်းပါဝင်ရမယ်ဆိုတဲ့ အချက်နှင့်မကိုက်ညီခဲ့တာလို့ဆိုပါတယ်။

“ ဒီဥပဒေတွေဘာကြောင့်လုပ်ရသလဲဆိုရင် အင်ဒိုနီးရှားမှာ ရင်းနှီးမြှပ်နှံသူတွေအားလုံးအတွက် မျှတမှု ရှိစေချင်လို့ပါ” လို့ စက်မှုဝန်ကြီးဌာနပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဖက်ဘရီဟင်ဒရီအန်တိုနီအာရိဗ်က ပြောပါတယ်။ အဲဒီဖုန်းတွေကို လိုအပ်တဲ့အခွန်တွေပေးဆောင်မယ်ဆိုရင်တော့ ပြည်ပကနေ ဝယ်လာလို့ ရပါတယ်လို့ သူကဆက်ပြောပါတယ်။

အင်ဒိုနီးရှားမှာ အိုင်ဖုန်းနှင့် ဂူးဂဲလ်ဖုန်းတွေဟာ ရောင်းအကောင်းရဆုံးဖုန်းတွေတော့မဟုတ်ပါဘူး။ ထိပ်ဆုံးမိုဘိုင်းလ်ဖုန်းတွေကတော့ တရုတ်ဖုန်း OPPO နှင့် တောင်ကိုရီးယားဖုန်းဆမ်ဆောင်းတို့   ဖြစ်ကြ  ပါတယ်။

ဒီလိုလုပ်တာဟာ အကျိုးစီးပွားကာကွယ်ရေးဝါဒသာဖြစ်ပြီး ဝယ်ယူသူတွေကို ထိခိုက်စေပြီး ရင်းနှီးမြှပ်နှံသူတွေရဲ့ ယုံကြည်မှုအပေါ်လည်း အကျိုးသက်ရောက်စေတယ်လို့ အင်ဒိုနီးရှားနိုင်ငံ စီးပွားရေး နှင့် ဥပဒေလေ့လာရေးဉာဏ်ကြီးရှင်အဖွဲ့ညွှန်ကြားရေးမှူး ဘီမာ ယူဒီစတီယာက ပြောကြား လိုက်ပါတယ်။

Source Reuters