၂၀ စက်တင်ဘာ ၂၀၂၄

မလေးရှားနိုင်ငံအတွင်းသို့ နိုင်ငံခြားအလုပ်သမားတွေ တရားမဝင်ခိုးသွင်းတဲ့ ဂိုဏ်းနှင့် ချိတ်ဆက် ဆောင် ရွက်ကြတဲ့ အကြီးတန်းလူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦး အပါအဝင် မလေးရှားလူဝင်မှုကြီးကြပ်ရေး   အရာရှိ ဒါဇင်ကျော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနက ဖမ်းဆီးလိုက်ပါတယ်။

အသက်၄၀ ဝန်းကျင်ရှိ အဲဒီလဝက အကြီးတန်းအရာရှိဟာ ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်က လဝက ရဲ့ စာရွက်စာတမ်းအထောပ်အထားမပြည့်စုံဝင်ရောက်လာသူတွေအတွက် သီးခြားတန်းစီလမ်းကြောင်း ကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ဆရာကြီးဖြစ်ပါတယ်လို့ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်  ရေး ကော်မရှင်အကြီးအကဲ အာဇမ်ဘာကီက စက်တင်ဘာ ၁၈ ရက်က ပြည်တွင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားပါတယ်။

“ သူဟာ လဝက အရာရှိ ၅၀ ခန့်ကို ဩဇာညောင်းတယ်။ သူက လဝကမှာ အလုပ်လုပ်တာ နှစ်၂၀ လောက်ရှိပြီ” လို့ မစ္စတာ အာဇမ်က ပြောပါတယ်။ သူနှင့် အရာရှိတော်တော်များများ ထွက်ပြေးဖို့ကြိုးစား ခဲ့ပြီးနောက် သူ့ကို စက်တင်ဘာ ၅ ရက် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။

“ သူဟာ အရာရှိတွေကို လာဘ်ငွေတွေ ခွဲပေးခဲ့သူဖြစ်တယ်လို့ယုံကြည်ရတယ်” လို့ သူကပြောပါတယ်။

လွန်ခဲ့တဲ့ခြောက်လခန့်ကစပြီး အဲဒီကိစ္စနှင့်ပတ်သက်လို့ သတင်းအချက်အလက်တွေ စတင်ရယူစုဆောင်းခဲ့တယ်လို့လည်း သူကပြောပါတယ်။

“ ဒီကနေ့အထိ လဝကအရာရှိ ၄၉ ဦး၊ ရဲတစ်ဦးနှင့် ပွဲစားနှစ်ဦး ပြီးတော့ ဘဏ်အကောင့်တွေပေးခဲ့တဲ့ လူ (၈)ဦးတို့ကိုဖမ်းဆီးရမိထားပါတယ်” လို့ အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ဆက်ပြောပါတယ်။

စစ်ဆင်ရေးသုံးခုအတွင်းမှာ ငွေသား မလေးရှားရင်းဂစ် တစ်သန်း(အမေရိကန်ဒေါ်လာ ၂၃၄,၀၀၀) ငွေသား၊ ယာဉ်တွေ၊ လက်ဝတ်ရတနာနှင့်ရွှေတွေ သိမ်းဆည်းမိတယ်လို့လည်း သတင်းများကရေးပါ  တယ်။

“စုစုပေါင်း မလေးရှားရင်းဂစ် သုံးသန်းကျော်ရှိနေတဲ့ ဘဏ်အကောင့် ၂၁၅ခုကိုလည်း ထိန်းချုပ်ထား ပါတယ်” မစ္စတာအာဇမ်ကပြောပါတယ်။ အဲဒီအကောင့်တွေဟာ လဝကအရာရှိတွေနှင့် ဂိုဏ်းအတွက် အလုပ်လုပ်ပေးတဲ့ ပွဲစားတွေပိုင်တဲ့အကောင့်တွေဖြစ်ပါတယ်။

သူတို့ဟာ မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ပါကစဖ်စတန်နှင့် နီပေါနိုင်ငံတွေက သူတွေ မလေးရှားထဲ ခိုးသွင်းပေးခဲ့သူတွေဖြစ်ပါတယ်။

ရတဲ့ လာဘ်ငွေတွေကို လဝကအရာရှိတွေတစ်ဦးချင်းစီရဲ့ ကုတ်သင်္ကေတအမှတ်တွေကိုပေးပို့ပါတယ်။  ငွေက နိုင်ငံအလိုက်ပေါ်မူတည်ပေးတာလို့လည်းပြောပါတယ်။ အရာရှိတွေဟာ  နိုင်ငံခြားသားတစ်ဦး  ချင်းစီအတွက် မလေးရှားရင်းဂစ် ၁၀၀ကနေ ၂၅၀၀ အကြားရရှိကြတာဖြစ်ပါတယ်။

“အရာရှိတွေက ဝင်လာမယ့်နိုင်ငံခြာသားကို ဘယ်ကောင်တာဝင်ဆိုပြီး ကြိုသတင်းပေးထားခဲ့တယ်။ အဲဒီနောက် ပွဲစားတွေက အဲဒီနိုင်ငံခြားသားကို နောက်ဆုံးသွားမယ့်နေရာအထိ လိုက်ပို့ပေးတယ်” လို့  မစ္စတာ အာဇမ်ကပြောပါတယ်။

“ ဒီလိုလုပ်ရပ်မျိုးကိုဟန့်တားနိုင်ဖို့အတွက် ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်မှာ တာဝန်ကျနေတဲ့ အရာရှိတွေကို တာဝန်ချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြုတာတွေခွင့်မပြုဖို့လည်း သူက အဆိုပြုခဲ့ပါတယ်။

ဘယ်အရာရှိကို ဘယ်ကောင်တာမှာထားမယ်ဆိုတာကိုလည်း သူတို့တွေ ကောင်တာဇုံကို ရောက်လာ ပြီး    မှ သတ်မှတ်ဖို့သင့်တယ်။ ပြီးတော့ အဲသလိုတာဝန်ချတာကိုလည်း အခြားအဖွဲ့တစ်ဖွဲ့ကလုပ်သင့်တယ်” လို့ သူကအကြံပြုထားပါတယ်။

Source CNA