၁၄ ဧပြီ၊၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအား ပြန်ဖွင့်ပေးရန်နှင့် (၆) ပတ်ကျော်ကြာ ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရေး သဘောတူညီချက်ကို လက်ခံလာစေရန် ဖိအား ပေးသည့်အနေဖြင့် အမေရိကန်စစ်တပ်သည် အီရန်ဆိပ်ကမ်းများကို စတင်ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းလုပ်ရပ်အပေါ် အီရန်ကလည်း အမေရိကန်၏ မဟာမိတ်နိုင်ငံများကို ရည်ရွယ်ကာ ဒေသတွင်းရှိ ဆိပ်ကမ်းအားလုံးကို ခြိမ်းခြောက်မှုများဖြင့် ချက်ချင်း တုံ့ပြန်ခဲ့သည်။

ယခုပိတ်ဆို့မှုနှင့် အီရန်၏ လက်တုံ့ပြန်မည့် ခြိမ်းခြောက်မှုတို့ကြောင့် အပစ်အခတ်ရပ်စဲရေးပျက်ပြားကာ တိုက်ပွဲများ ပြန်လည်စတင်လာနိုင်သည့် စိုးရိမ်မှုများ မြင့်တက်လာပြီး ကမ္ဘာ့စီးပွားရေးကိုပါ ကြီးမားစွာ ခြိမ်းခြောက်လာနေသည်။ စစ်ပွဲစတင်ကတည်းက အီရန်၏ ရေလက်ကြားပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံ  ဈေးနှုန်းများ အဆမတန် မြင့်တက်နေခဲ့ပြီး ပါကစ္စတန်တွင် ပြုလုပ်ခဲ့သည့် အမေရိကန်-အီရန် အပစ်  အခတ်ရပ်စဲရေး ဆွေးနွေးပွဲများမှာလည်း သဘောတူညီချက်မရဘဲ ကျရှုံးခဲ့ပြီးနောက် ယခုအခြေအနေ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က အီရန်ဆိပ်ကမ်းများသို့ အဝင်အထွက်လုပ်သော သင်္ဘောအားလုံးကို ပိတ်ဆို့သွားမည်ဖြစ်သော်လည်း အခြားနိုင်ငံများသို့ သွားလာမည့် သင်္ဘောများကိုမူ ဖြတ်သန်းခွင့်ပြုမည်ဟု ကြေညာထားသည်။ ထရမ့်က အီရန်ရေတပ်၏ အမြန်တိုက်ခိုက်ရေးသင်္ဘောများ ပိတ်ဆို့ထားသည့်နယ်မြေသို့ချဉ်းကပ်လာပါကချက်ချင်းရှင်းလင်းသွားမည်ဟု သတိပေးထားသော်လည်း အမေရိကန်အနေဖြင့် အီရန်နှင့် ဆက်လက်ဆွေးနွေးရန် ဆန္ဒရှိသေးကြောင်းကိုမူ အရိပ်အမြွက် ပြောကြားခဲ့သည်။

အီရန်ဘက်ကလည်း အမေရိကန်၏ ခြိမ်းခြောက်မှုများကို "လေလုံးထွားခြင်း" ဟု ပယ်ချခဲ့ပြီး “မင်းတို့ တိုက်လျှင်၊ ငါတို့လည်း တိုက်မည်” ဟု ပြတ်ပြတ်သားသား တုံ့ပြန်ထားသည်။ ထို့အပြင် ပါရှန်းပင်လယ်  ကွေ့နှင့် အိုမန်ပင်လယ်ပြင်တွင် အားလုံးအတွက် မလုံခြုံပါက မည်သူ့အတွက်မျှ လုံခြုံမည်မဟုတ်ဟု ကြေညာခဲ့ကာ အမေရိကန်ကို ကူညီခဲ့သည်ဆိုသော အရှေ့အလယ်ပိုင်း (၅)နိုင်ငံထံမှလည်း နစ်နာကြေး  များ တောင်းဆိုထားသည်။

ယခင်ဆွေးနွေးပွဲများ ရပ်တန့်သွားရခြင်း၏ အဓိကအကြောင်းရင်းမှာ အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ သဘောတူညီမှု မရခြင်းကြောင့်ဖြစ်သည်။ လက်ရှိ အပစ်အခတ်ရပ်စဲရေးမှာ ဧပြီလ ၂၂ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ ယခု ၆ ပတ်ကြာ စစ်ပွဲအတွင်း အီရန်၊ လက်ဘနွန်၊ အစ္စရေး၊ ပင်လယ်ကွေ့နိုင်ငံများနှင့် အမေရိကန် တပ်ဖွဲ့ဝင်များအပါအဝင် စုစုပေါင်း လူပေါင်းထောင်နှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

သတင်းအရင်းအမြစ်- အေပီ