Published 4 January 2022
တရုတ်နိုင်ငံဟာ ယင်းရဲ့တိုးတက်နေတဲ့ အစိုးရရဲ့ လက်ကျန်ရှင်းတမ်း၊ပြည်တွင်းတည်ငြိမ်မှု၊ပြီးတော့ ပညာရေးနှင့်ထုတ်လုပ်မှုတို့မှာ တိုးတက်အောင်မြင်မှုတွေကြောင့် ဩဇာအာဏာမြင့်တက်လာနေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် နေရာရခဲ့တာဖြစ်တယ်လို့ သမိုင်းစက်ဝန်းတွေကိုလေ့လာမှုအပေါ်အခြေခံပြီး hedge fund ဟက်ဒ်ချ်ရန်ပုံငွေအဖွဲ့ရဲ့ ဘီလီယံကြွယ် သူဋ္ဌေးကြီး ရေး ဒါလီယို Ray Dalio က နစ်ကေးသတင်းဌာနကပြောကြားခဲ့ပါတယ်။
အဲဒါနှင့် ဆန့်ကျင်စွာ အမေရိကန်နိုင်ငံမှာတော့ ဘဏ္ဍာရေးဆိုင်ရာပြသနာတွေ၊ ပြည်တွင်းပဋိပက္ခတွေနှင့် ပြင်ပ စိန်ခေါ်မှုတွေ ရှိနေပြီး အဲဒါတွေက ပါတီနှစ်ခုပူးပေါင်းဦးဆောင်မှုနှင့် ကျယ်ပြန်တဲ့ပညာရေး ရင်းနှီးမြုပ်နှံမှုမရှိတဲ့ ပိုပြီးယိုယွင်းပျက်စီးစေမယ့် အန္တရာယ်တွေရှိနေတယ်လို့ ဒါလီယိုကပြောပါတယ်။
သူ့ရဲ့မကြာသေးခင်က ထုတ်ဝေခဲ့တဲ့ "Principles for Dealing with the Changing World Order" ပြောင်းလဲနေတဲ့ ကမ္ဘာ့အစဉ်နှင့် ဆက်ဆံဆောင်ရွက်ဖို့ နိယာမများ” ဆိုတဲ့ စာအုပ်မှာ Bridgewater Associates တည်ထောင်သူဖြစ်တဲ့ သူက နိုင်ငံတွေရဲ့ ကျန်းမာရေးကို ရှာဖွေဖော်ထုတ်ပြီး ယင်းတို့ရဲ့ဖြစ်နိုင်တဲ့အနာဂတ်အလားအလာတွေကို သတ်မှတ်ပေးတဲ့ သမိုင်းဝင်လမ်းကြောင်းပုံစံတွေကို လေ့လာကြည့်ရှုခဲ့ပါတယ်။
“ကျွန်တော်ဒါတွေကို ပေးဝေမျှနေတာက အခုဘာဖြစ်နေတယ်ဆိုတာတွေကို လူတွေက ဝန်းကျင်းအခြေအနေတွေ ဆက်စပ်ကြည့်ကြပြီး သမိုင်းသင်ခန်းစာယူကြလိမ့်မယ်လို့ ယုံကြည်လို့ဖြစ်တယ်လို့ သူကပြောပါတယ်။
အောက်ပါတို့မှာ သူနှင့်မေးမြန်းထားချက်များမှ ကောက်နှုတ်ချက်တွေဖြစ်ပါတယ်။
မေး- ခင်ဗျားရဲ့စာအုပ်မှာ နိုင်ငံတစ်နိုင်ငံရဲကျန်းမာသန်စွမ်းမှုကို အဆုံးအဖြတ်ပေးတဲ့ အချက်အလက်တွေကို ခင်ဗျားဆွေးနွေး ထားပါတယ်။ ပြီးတော့ သမိုင်းတလျောက် နိုင်ငံတွေဖြတ်သန်းခဲ့တဲ့ သမိုင်းစက်ဝန်းတွေကိုလည်း ခင်ဗျားလေ့လာကြည့်ရှုခဲ့ တယ်။ အမေရိကန်ပြည်ထောင်စုကို ယခု ခင်ဗျားဘယ်နေရာမှာထားမလဲ။
ဖြေ- အမေရိကန်ပြည်ထောင်စုဟာ ကျွန်တော်သတ်မှတ်ထားတဲ့ ပဥ္စမမြောက်စက်ဝန်းရဲ့ နှောင်းပိုင်းမှာရှိနေတယ်။ အဲဒီစက် ဝန်းမှာ ဘဏ္ဍာရေးပြသနာတွေရှိနေတယ်။ ဖရိုဖရဲအတော့်ကိုဖြစ်နေတဲ့ ပြည်တွင်း ပဋိပက္ခတွေရှိနေတယ်။ပြီးတော့ ပြင်ပ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နေရတယ်။ အဆင့်ခြောက်ကိုတော့ သူက မသွားသေးဘူး။ အဲဒီအဆင့်(၆)(ဆဋ္ဌမမြောက်စက်ဝန်း) က ပြည်တွင်းစစ်ပဲဖြစ်တယ်။ ဒါပေမယ့် သူ့မှာ ဘဏ္ဍာရေးအရစိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်။ နိုင်ငံရေးအရ လူမှုရေးအရ အန္တရာယ်တွေရှိနေတယ်။
ကျွန်တော်တို့ဟာ အမေရိကန်ဒေါ်လာက ကမ္ဘာ့ဦးဆောင်အရန်ငွေကြေးဖြစ်နေတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်နေကြတယ်။ ကမ္ဘာတစ်လွှားက ရင်းနှီးမြှပ်နှံသူတွေဟာ ဒေါ်လာကြီးစိုးထားတဲ့ အကြွေးတွေနစ်နေတယ်။ အင်မတန်နည်းပါးတဲ့ ဒါမှမဟုတ် အနှုတ် အတိုးနှုန်း၊ပြီးတော့ ပိုက်ဆံတွေကိုအများကြီးပုံနှိပ်ပြီးငွေကြေးဖောင်းပွမှု၊ အဲဒါတွေက အကြွေးတင်နေသူတွေကို ထိခိုက်ပျက်ပြားစေတယ်။ ဒေါ်လာဝယ်လိုအားကိုလည်း ထိခိုက်စေတယ်။ ပြီးတော့ ဒေါ်လာကိုပါ အန္တရာယ်ရှိစေတယ်။
ကျွန်တော်သမိုင်းကိုသင်ယူခဲ့တုန်းက ကပ်ဘေး၊မိုးခေါင်ခြင်းနှင့်ရေကြီးခြင်းတွေက ထိခိုက်ပျက်စီးမှုပိုများပြီး ပိုပြီးသေကြေ စေတယ်။ နိုင်ငံရေးအပေါ် အဲဒါတွေက စစ်ပွဲတွေထက်ပိုပြီး သက်ရောက်မှုရှိတယ်လို့ သင်ယူခဲ့ရတယ်။အခု အဲဒါတွေက အခါအားလျော်စွာဖြစ်နေပြီ။ နှစ်၁၀၀မှာကပ်ဘေးတစ်ခါ နှစ်၁၀၀မှာ ရေကြီးမှုတတစ်ခါစသဖြင့်ပေါ့။ ဒါပေမယ့် အဲဒါတွေက သက်ရောက်မှုသိပ်ကြီးမားတယ်။ ကျွန်တော်တို့က သူတို့ကိုမေ့လျော့နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အတိတ်သမိုင်းထဲမှာ အကြိမ်များစွာဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ ဘဝသက်တမ်းအတွင်း တစ်ခါမှ ရောက်မလာကြလို့ဖြစ်တယ်။
မေး-ဒီမူဘောင်ထဲမှာ တရုတ်ကရော ဘယ်နေရာမှာရှိနေသလဲ
ဖြေ- သူတို့ဟာ သုံးတာထက် ရတာကပိုများနေတယ်။ သူတို့မှာ ပြည်တွင်းအစဉ်ရှိနေတယ်။ နေရာတိုင်းမှာ သူတို့ဟာ လျင်မြန်စွာတိုးတက်မှုတွေရနေတယ်။ ပညာရေးမှာ လျင်မြန်စွာတိုးတက်နေယ်။ ထုတ်လုပ်မှုစွမ်းအားမှာ လျင်မြန်စွာ တိုးတက်နေတယ်။ ကုန်သွယ်ရေးမှာ လျင်မြန်စွာတိုးတက်နေတယ်။ ပြည်တွင်းပဋိပက္ခပုံစံလည်း သူတို့မှာ များများစားစား သိပ်မရှိလှဘူး။
ဒီမိုကရေစီက သက်ဦးဆံပိုင်စနစ်ထက်ပိုကောင်းသလား၊ အနောက်ပုံစံအရင်းရှင်စနစ်က သူတို့ရဲ့ ဆိုရှယ်လစ်အရင်းရှင်စနစ် ပုံစံထက်ပိုကောင်းသလားဆိုတာ မေးခွန်းတွေလားဆိုတာ ကျွန်တော်မပြောနိုင်ဘူး။ ဒါပေမယ့် ပြည်တွင်းပဋိပက္ခအန္တာရာယ် များများစားစားမရှိတာနှင့် နိုင်ငံရေးမှာလည်း ထိုအတိုင်းပဲဖြစ်နေတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုနှင့်တော့ မတူဘူး။ အမေရိကန်မှာ ပြည်တွင်းစစ်ပွဲပုံစံတစ်ခုရဲ့ အန္တရာယ်ရှိနေတယ်။ ဒီမိုကရေစီဟာ စိန်ခေါ်တာကိုခံနေရတယ်။
မေး-အကယ်၍ တရုတ်က မြင့်တက်လာနေတဲ့ အင်ပါယာတစ်ခုဖြစ်လာပြီး အမေရိကန်က ကျဆင်းနေတယ်ဆိုရင် ဒီအကြောင်းအရာတွေက ဆုံးဖြတ်ပေးမယ့်အချက်တွေက ဘာတွေလဲ။
ဖြေ- နှစ်၆၀၀ နောက်ပိုင်းမှာ တန်မင်းဆက်ကစပြီး မင်းဆက်တွေအားလုံးကို ကျွန်တော်လေ့လာခဲ့ပါတယ်။ ကျွန်တော် အဲဒီအဖြစ်အပျက်တွေကို ကြည့်ရှုလေ့လာခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက မင်းဆက်တစ်ခုရဲ့ အတက်အကျဟာ အင်ပါယာတစ်ခုရဲ့အတက်အကျနှင့်အတူတူဖြစ်နေခဲ့တာတွေကို ကျွန်တော့်အတွက် ဥပမာပြစရာတွေပိုဖြစ်လာတယ်။ တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးတွေဟာ သမိုင်းရဲ့သင်ခန်းစာတွေကို နားလည်သဘောပေါက်တဲ့နေရာမှာ အတော့်ကိုတော်ကြ တယ်။ သူတို့အစီအစဉ်ဆွဲတဲ့အခါ ပုံစံဖော်ဆောင်မှုတွေတူနေတာတွေ့ရလိမ့်မယ်။ ဧကရာဇ်နှင့်တူတဲ့ ခေါင်းဆောင်တစ်ဦးဟာ စက်ဝန်းရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်လိမ့်မယ်။မော်စီတုန်းကနေ လွန်ခဲ့တဲ့(၉)နှစ် ရှီကျင့်ဖျင်အထိ တစ်ဦးချင်းစီတိုင်းမှာ မတူညီတဲ့ အဆင့်တွေရှိခဲ့ကြတယ်။ အခုက တောင့်တင်းခိုင်မာတဲ့ အဆင့်မှာ သူတို့ ရောက်နေကြတယ်။ သူတို့က ဒါကို စက်ဝန်းကြီးတစ်ခုလုံးနှင့် နောက်လာမယ့် ခေါင်းဆောင်တွေအတွက် ရှုမြင်ထားကြတယ်။
မေး- တရုတ်အစိုးရဟာ ထိန်းချုပ်မှုတွေတင်းကြပ်ထားတာကို ဝေဖန်မှုတွေရှိနေတယ်။ နည်းပညာကုမ္ပဏီကြီးတွေကို ဖြိုခွင်း တာတို့ ပြီးတော့ ဗွီဒီယိုဂိမ်းကစားတာကန့်သတ်တာတို့လိုမျိုးပေါ့။ အဲဒါကြောင့် ရင်းနှီးမြှပ်နှံမှုတွေကို အချို့က တွန့်ဆုတ်နေကြတယ်။ ခင်ဗျားရဲ့အမြင်ကရော။
တရုတ်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို နိုင်ငံခြားသားတွေ သိပ်နားမလည်ကြဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်က သိပ်ကံကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ကို ကျွန်တော်သွားခဲ့တာ နှစ်ပေါင်း ၃၄နှစ်ရှိပြီ။ ကျွန်တော်က ထိပ်တန်း မူဝါဒချမှတ်သူတွေနှင့် ဆက်ဆံရေးတစ်ခု ဆောင်ရွက်နိုင်ခဲ့တယ်။ သူတို့ဘာတွေတွေးကြတယ်ဆိုတာ ကျွန်တော်နားလည် သဘောပေါက်တယ်။ထိပ်တန်းခေါင်းဆောင်ထဲကတစ်ယောက်.. နာမည်ကိုတော့ ကျွန်တော်ထုတ်မပြောတော့ပါဘူး။ သူက ကျွန်တော့်ကိုပြောဖူးတယ်။ အမေရိကန်ပြည်ထောင်စုဟာ တစ်ဦးချင်းစီ ကိုယ့်မူကိုယ့်ဟန်နှင့်သွားနေပြီး အောက်ခြေကနေ အပေါ်တက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်တဲ့။တရုတ်က မိသားစုတစ်စုကိုချဲ့ထွင်ထားတဲ့နိုင်ငံဖြစ်တယ်။ ခေါင်းဆောင်တွေက စည်းကမ်းတင်းကြပ်တဲ့ မိဘတွေလို လုပ်ငန်းစီမံနေကြတယ်။
နည်းပညာကုမ္ပဏီတွေဟာ အထူးသဖြင့် ဘဏ္ဍာငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေဟာ တစ်ခါတစ်ခါ တရားဝင်ထိန်း ကျောင်းတဲ့အဖွဲ့အစည်းတွေထက် ရှေ့မှာ ပိုပြေးနေတတ်ကြတယ်။ ဂျက်မားရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေက အဲသလို ကိစ္စမျိုးဖြစ်တယ်။ အဲဒါကြောင့် ဘယ်သူက ထိန်းချုပ်နေတယ်ဆိုတာကို သူတို့က ရှင်းရှင်းလင်းလင်းပြသလိုက်တာပဲ။
ကုမ္ပဏီတွေကို လုပ်ငန်းလည်ပတ်နေတဲ့ ချမ်းသာကြွယ်ဝကြတဲ့ ဘီလီယံကြွယ်သူဋ္ဌေးတွေဟာ အာဏာတန်ခိုးကြီးထွားဖို့ အတွက် မာနထောင်လွှားနိုင်ဖို့ အမှားတွေလုပ်နိုင်ကြတယ်ဆိုတဲ့ ယူဆချက်တစ်ခုရှိတယ်။ အဲဒါကြောင့် ရှင်းရှင်း လင်းလင်းတစ်ခုလုပ်ရတော့မယ်။တင်းကြပ်တဲ့မိဘတွေလိုပေါ့။
အများပြည်သူတွေရဲ့ ဘုံကြီးပွားချမ်းသာမှုအတွက် ရွေ့လျားမှုကတော့ တိန်ရှောက်ဖိန်မတိုင်ခင် ကွန်မြူနစ်ခေတ်လို ပြန်မသွားတော့ပါဘူး။ ဒါပေမယ့် ယခုအဆင့်ဟာ ဆင့်ကဲပြောင်းလဲမှုအဆင့်ဖြစ်တယ်လို့ သူတို့ အသိအမှတ်ပြုထားကြတယ်။ ဒီအဆင့်မှာ ဘုံသဘောလက္ခဏာကြီးပွားချမ်းသာမှုကိုဦးတည်တဲ့ ရွေ့လျားမှုတစ်ခု လိုအပ်နေပါတယ်။
မေး- တရုတ်ရဲ့ လူ့အခွင့်အရေးမှတ်တမ်းအပေါ် ခင်ဗျားရဲ့ သဘောထားမှတ်ချက်တွေအတွက် လတ်တလောမှာ ခင်ဗျား အဝေဖန်ခံနေရတယ်။
ဖြေ- လူ့အခွင့်အရေးဟာ အရေးမကြီးဘူးလို ကျွန်တော်မဆိုလိုခဲ့ဘူးဆိုတာကို ခင်ဗျားကို ကျွန်တော်အာမခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အဲဒါကို အသေအချာယုံကြည်ထားလို့ဖြစ်ပါတယ်။ ကျွန်တော်ဟာ အမေရိကန်တစ်ဦးပါ။ ဘဝတစ်လျောက်လုံး အမေရိကန်နိုင်ငံမှာ နေထိုင်နေသူပါ။ အမေရိကန်အိပ်မက်ကို တွေ့ကြုံခံစားနေသူပါ။ ကျွန်တော်တို့ စနစ်အပေါ် ကျွန်တော်ယုံကြည်သူပါ။
တစ်ချိန်တည်းမှာပင် ကျွန်တော့်ဘဝရဲ့ တစ်ဝက်ကျော်ဟာ တရုတ်တွေနှင့် ထိတွေ့ဆက်ဆံရင်းကုန်ဆုံးခဲ့ရပါတယ်။ အဲဒါတွေက သူတို့ရဲ့စနစ်အပေါ် ကျွန်တော်နားလည်သဘောပေါက်စေခဲ့ရပါတယ်။ အုပ်ချုပ်တာနှင့်ပတ်သက်လို့ သူတို့ရဲ့ တွေးခေါ်ယူဆချက်ကို တရုတ်ခေါင်းဆောင်တွေက ကျွန်တော့်ကိုပြောခဲ့ဖူးတယ်။ အဲဒါကို ကျွန်တော်က ရှင်းပြဖို့ ကြိုးစားခဲ့ တာပဲဖြစ်တယ်။ ကွန်ဖြူးရှပ်အယူဝါဒဟာ မိသားစုကို အခြေခံပြီး သူတို့ရဲ့ အုပ်ချုပ်စီမံမှုထဲ ဘယ်လိုချဲ့ထွင်ဝင်ရောက်လာတယ်ဆိုတာကို သူတို့ကရှင်းပြကြတယ်။ ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်ကို ပြောခဲ့တာမဟုတ်သလို အဲဒီချည်းကပ်မှုပုံစံကို ထောက်ခံခဲ့တာလည်းမဟုတ်ပါဘူး။
လူ့အခွင့်အရေးကိစ္စကိုစဉ်းစားပြီး တရုတ်မှာ ရင်းနှီးမြှပ်နှံဖို့ အကျိုးအပြစ်တွေကို ကျွန်တော်ဘယ်လို ချိန်ဆခဲ့တယ်ဆိုတာကိုလည်း ရှင်းပြလိုပါတယ်။ ဒါဟာ ဘရစ်ချ်ဝါးတားတစ်ခုတည်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတစ်ခု မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံနှင့်အခြားနိုင်ငံတွေက ကလာကြတဲ့ ရင်းနှီးမြှပ်နှံသူပေါင်းလေးသောင်းကျော်နှင့် ဖော်ပြမရတဲ့ ဘဏ်တွေ၊ကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့ ပြသနာပါ။
အမေရိကန်တွေနှင့်တရုတ်တော်တော်များများဟာ ရောယှက်နေကြပြီး သူတို့ကိုခွဲထုတ်တာက တစ်ဦးချင်းစီအတွက် ကြောက်ဖက်ဖွယ်ကောင်းလိမ့်မယ်ဆိုတာ ပကတိအခြေအနေဖြစ်တယ်။ တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ကြခြင်းရဲ့ အကျိုးရလဒ်အဖြစ် အမေရိကန်တွေ၊တရုတ်တွေနှင့် ကျန်တဲ့ကမ္ဘာကြီးတစ်ခုလုံးအတွက် အကျိုးအမြတ်ဖြစ်စေရုံမျှမကဘဲ ဒီလို ချိတ်ဆက်ဆောင်ရွက်မှုတွေက အပြန်အလှန်နားလည်မှုနှင့် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနှင့်တိုးတက်မှုတိုးမြှင့်စေဖို့ အပြန်အလှန်ဩဇာသက်ရောက်မှုတွေကိုလည်း ဖြစ်ထွန်းစေပါတယ်။
မေး- အမေရိကန်ပြန်လည်ထူထနိုင်ဖို့နှင့် တရုတ်နှင့်ယှဉ်ပြိုင်နိုင်ဖို့ အမေရိကန်အနေနှင့် ဘာတွေလိုအပ်သလဲ
ဖြေ- (အဖွဲ့တွေ) အတူတကွအလုပ်လုပ်ကြရမယ်။ သူတို့ ရှေ့ကိုဆက်မတက်နိုင်ဖြစ်နေတယ်။ နောက်ကွယ်ကလူတွေက စနစ်ထက်ပိုအရေးပါလာနေတဲ့အခါမှာ စနစ်ဟာ ပျက်စီးဆုံးရှုံးကိန်းဆိုက်လာတတ်တယ်ဆိုတဲ့ အခြေခံသဘောတရားတစ်ခု ကျွန်တော့်မှာရှိပါတယ်။ အဲဒါကြောင့် သူတို့ဟာ ပါတီနှစ်ခုအတူပေါင်းလုပ်ကြဖို့လိုအပ်တယ်။
သူတို့ဟာပညာရေးမှာ ပိုပြီးရင်းနှီးမြှပ်နှံဖို့လိုတယ်။ ကျယ်ပြန့်တဲ့ ပညာရေးလိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတော့ သမိုင်းတစ်လျောက်မှာ လူ့အဖွဲ့အစည်းတွေအားလုံးက အကောင်းဆုံးပညာရှင်တွေဘယ်ကထွက်လာမလဲဆိုတာ မသိကြဘဲ ဖြစ်ခဲ့ကြရတယ်။သူတို့ဟာ ဘယ်နေရာကမဆိုလာနိုင်တယ်။ အဲဒါကြောင့် ကြီးမားတဲ့လူထုကြီးတွေဆီကနေ လူတွေဆွဲထုတ် ယူတာဟာ အကောင်းဆု့းတွေးခေါမြော်မြင်သူတွေရရှိစေတဘ်ဆိုတာကို သမိုင်းကလည်းပြသပြီးခဲ့ပါပြီ။ ဒီစနစ်ဟာ မျှတတယ်ဆိုတာကိုလည်း ပြသနေပါတယ်။ မျှတတယ်လို့ လူတွေကယုံကြည်တဲ့ စနစ်တစ်ခု ခင်ဗျားမှာမရှိရင် ဒါဟာ အန္တရာယ်ပဲ။ဆုံးရှုံးမှုပဲ။
ခင်ဗျားက အမေရိကန်ရဲ့ အကောင်းဆုံးတက္ကသိုလ်တွေထဲက ယူလိုက်မယ်ဆိုရင် သူတို့ဟာ ကမ္ဘာပေါ်မှာ အတော်ဆုံး လူတွေပဲ။ဒါပေမယ့် အမေရိကန်ရဲ့ ကျယ်ပြန်တဲ့ ပညာရေးပြသနာတွေကို ကိုယ်စားပြုသူမပါတဲ့ ကိုယ်စားပြုမှုပဲဖြစ်သွားလိမ့်မယ်။
ချမ်းသာတဲ့လူတွေက သူတို့ရဲ့သားသမီးတွေကို ပညာကောင်းကောင်းတတ်အောင်လုပ်ပေးနိုင်ကြပါတယ်။ဒါပေမယ့် ဆင်းရဲတဲ့လူတွေအတွက် တန်းတူညီမျှတဲ့ပညာရေးကိုတော့ မပေးစွမ်းနိုင်ပါဘူး။ တစ်ခုတည်းသော လုပ်နိုင်တဲ့နည်းလမ်းကတော့ အစိုးရကနေတစ်ဆင့်လုပ်ကြဖို့ပဲဖြစ်တယ်။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာတော့ ဒီအရေးဟာ ပြည်နယ်အစိုးရကိစ္စဖြစ်နေတယ်။ ဖက်ဒရယ်အစိုးရ ကိစ္စမဟုတ်ဘူး။ ပြီးတော့ ဒါဟာ ပြသနာတွေထဲကတစ်ခုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ်အတွင်းမှာတောင် အဲဒါကို မြို့အဆင့် ဒါမှမဟုတ် အခွန်ခရိုင်အဆင့် ပြန်ပြီးလုပ်ခိုင်းတာဖြစ်နေတယ်။ ချမ်းသာတဲ့သူတွေဟာ သူဋ္ဌေးရပ်ကွက်တွေမှာ ပြည်သူပိုင်ကျောင်းကောင်းကောင်းထားနိုင်ကြပြီး ဆင်းရဲတြ့သူတွေအနေနှင့်တော့ သူတို့မှာ များများစားစားမရှိလို့များများစား စားမသုံးနိုင်ဖြစ်နေကြရတယ်။ ဒါဟာ တည်ဆောက်ဖွဲ့စည်းပုံပြသနာတစ်ခုပဲဖြစ်တယ်။
Source U.S. vs. China: Internal order will decide victor, Ray Dalio says by Nikkei Asia