#WorldHealth
Published 27 February 2022

 

အီလိုင်လီလီ(Eli Lily)နဲ့ ဘိုရင်ဂျာအင်ဂယ်ဟိုင်း(Boehringer Ingelheim)တို့မှ ထုတ်လုပ်တဲ့ ဂျာဒီးယန့်စ်(Jardiance)ဆေးဝါးကို နှလုံးရောဂါလူနာအားလုံးမှာ အသက်သေဆုံးမှုနှုန်းနဲ့ ဆေးရုံတက်ကုသခံယူရမှုနှုန်းတို့ကို လျှော့ချဖို့ ဆက်လက်အသုံးပြုရေးအတွက် အမေရိကန်ကျန်းမာရေးတာဝန်ရှိသူတွေက ကြာသပတေးနေ့က အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။

 

အဆိုပါဆေးကို ဆီးချိုရောဂါဒုတိယအမျိုးအစားအတွက် အသုံးပြုဖို့ FDA က ၂၀၁၄ ခုနှစ်က အသိအမှတ်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။

 

ဘယ်ဘက်သွေးလွှတ်ခန်းက ပုံမှန်အတိုင်းအလုပ်မလုပ်နိုင်ဘဲ နှလုံးညှစ်အားလျော့နည်းလာတဲ့လူနာတွေမှာ အဆိုပါဆေးကို ဆက်လက်အသုံးပြုဖို့ ပြီးခဲ့တဲ့နှစ်က ခွင့်ပြုပေးခဲ့ပါတယ်။

 

"ဂျာဒီးယန့်စ်ဆေးက နှလုံးရောဂါလူနာတိုင်းမှာ မထိရောက်နိုင်တာမျိုးလည်းဖြစ်နိုင်ပေမယ့် အခုလိုအသိအမှတ်ပြုလိုက်ခြင်းက လူနာတွေအတွက်ရော ကျွန်တော်တို့တွေတွက်ပါ အရေးကြီးတဲ့ခြေလှမ်းဖြစ်နေပါတယ်" လို့ FDA နှလုံးနှင့်ကျောက်ကပ်ဌာနမှ ညွှန်ကြားရေးမှူး'နော်မန်စတော့ဘရစ်ဂျ်'က ပြောပြခဲ့ပါတယ်။

 

ကြာသပတေးနေ့က တိုးချဲ့အသိအမှတ်ပြုခဲ့တာကြောင့် ဈေးကွက်ကျယ်ပြန့်လာကာ လူနာပေါင်း ၆.၂ သန်းအတွက် ဆေးအလုံအလောက်ထုတ်လုပ်နိုင်တော့မှာဖြစ်ကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ဂျာဒီးယန့်စ်ဆေးနဲ့အပြိုင် အက်စ်ထရာဇန်နီကာရဲ့ ဖာဇီဂါ(Farxiga)ဆေးဝါးကလည်း နှလုံးဘယ်ဘက်သွေးလွှတ်ခန်းအားနည်းတဲ့လူနာတွေမှာ အသုံးပြုဖို့ ခွင့်ပြုချက်ရရှိထားပါတယ်။

 

၂၀၂၁ ခုနှစ် အီလိုင်လီလီက ဂျာဒီးယန့်စ်ဆေးဝါးရောင်းချမှုကနေ ဒေါ်လာ ၁.၅ ဘီလီယံနီးပါးရရှိခဲ့ကာ အက်စ်ထရာဇန်နီကာက ဖာဇီဂါဆေးဝါးရောင်းချမှုကနေ ဒေါ်လာ ၃ ဘီလီယံနီးပါးရရှိခဲ့ပါတယ်။

 

Source: Reuters.
#Yangon_Media_Group