#World_Health
Published 23 December 2024
▪️ အသက် ၅၀ အောက်လူတွေမှာ အူမကြီးကင်ဆာ အဖြစ်များလာတာကြောင့် ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေလာကြပါတယ်။
▪️ ဆဲလ်များရောင်ရမ်းခြင်း ဖြစ်စေကာ အူမကြီးကင်ဆာဖြစ်စေနိုင်တဲ့ အဆင့်ဆင့် ထုတ်လုပ်ထုပ်ပိုးစားစရာတွေမှာ ပေါများစွာပါဝင်တဲ့ ဖက်တီးအက်ဆစ် အဆီတွေကို လေ့လာခဲ့ကြပါတယ်။
▪️ အမေရိကန်မှ လူ ၈၁ ယောက်ရဲ့ အူမကြီးကင်ဆာအကျိတ်များမှ အသားစများရယူလေ့လာရာမှာ အိုမီဂါ-၆ ဖက်တီးအက်ဆစ်လို့ခေါ်တဲ့ ရောင်ရမ်းခြင်းဖြစ်စေတဲ့ အဆီများ အလွန်အကျွံ ပါဝင်နေပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးတဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေတော့ နည်းပါးနေတာ တွေ့ရပါတယ်။
▪️ ရောင်ရမ်းခြင်းဖြစ်စဉ်က ကြာမြင့်လာတဲ့အခါ ဆဲလ်တွေကို ထိခိုက်စေပြီး ကင်ဆာဆဲလ်ကြီးထွားမှုကို ဟန့်တားနိုင်စွမ်း နည်းလာပါတယ်။
▪️ အဆင့်ဆင့်ထုပ်ပိုး စားစရာတွေဟာ ဈေးသက်သာပြီး လွယ်ကူလျင်မြန်စွာ ရနိုင်တာကြောင့် ယနေ့ခေတ် လူငယ်တွေ ပိုမိုစားသုံးမိကြတယ်လို့ ဖလော်ရီဒါတောင်ပိုင်းတက္ကသိုလ်မှ ခွဲစိတ်ပရော်ဖက်ဆာ တင်မိုသီယိမန်းက ဆိုပါတယ်။
▪️ အဆင့်ဆင့်ထုပ်ပိုး စားစရာများနဲ့ လမ်းဘေးစာတွေဟာ ဟင်းရွက်ဆီနဲ့ ကြော်လှော်ကြပြီး ဒီလိုဆီတွေမှာ အိုမီဂါ-၆ ဖက်တီးအက်ဆစ် မြင့်မားစွာပါဝင်နေပေမယ့် အူမကြီးကင်ဆာအကျိတ်မှာ တွေ့ရတဲ့ အဆီတွေက စားစရာတွေ ဆီတွေနဲ့ ဆက်စပ်ခြင်းရှိမရှိတော့ သေချာမလေ့လာရသေးပါဘူး။
▪️ မျိုးရိုးဗီဇ၊ လေ့ကျင့်မှု၊ နေထိုင်စားသောက်ပုံစံ၊ ဓာတုပစ္စည်းများနဲ့ ပတ်ဝန်းကျင်ထိတွေ့မှုတို့ကလည်း အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို သက်ရောက်နေသလို စားလိုက်တဲ့ စားစရာတွေကို ခန္ဓာကိုယ်ထဲ ဘယ်လိုချေဖျက် လုပ်ဆောင်သလဲ ဆိုတာကလည်း သက်ဆိုင်နေတယ်လို့ ဟားဗတ်ဆေးတက္ကသိုလ်နဲ့ မာဆာချူဆက်စ်အထွေထွေဆေးရုံမှ အစာအိမ်အူလမ်းကြောင်းဆရာဝန် အန်ဒရူးချန်းက ပြောပါတယ်။
▪️ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ ဥပမာအားဖြင့် ငါးတွေကအဆီလိုမျိုး အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေကတော့ ဒီရောဂါဖြစ်နိုင်ခြေကို ကာကွယ်နိုင်စွမ်းပါ ရှိနေတာကို တွေ့ရှိထားပြီး ဖြစ်ပါတယ်။
▪️ ခန္ဓာကိုယ်မှာ တစ်ခုခုထိခိုက်တဲ့အခါ ရောင်ရမ်းခြင်းကို လှုံ့ဆော်ကာ သက်သာမှုပေးပေမယ့် ကြာရှည်လာရင် ကင်ဆာဖြစ်တတ်ပါတယ်။
▪️ အိုမီဂါ-၆ ဖက်တီးအက်ဆစ်က ထိုကဲ့သို့ ဘေးအန္တရာယ် ဖြစ်စေနိုင်ဖွယ်ရှိပေမယ့် မရှိမဖြစ် ဖက်တီးအက်ဆစ်တစ်မျိုး ဖြစ်တာကြောင့် သင့်တင့်တဲ့ပမာဏတော့ ရှိသင့်ပါတယ်။
#Source: ScientificAmerican