#World_Science
Published 03 October 2024


▪️ ဖန်ပြွန်သန္ဓေသား နည်းလမ်းဖြင့် မွေးလာတဲ့ကလေးတွေမှာ အသက်အန္တရာယ်ရှိ နှလုံးချို့ယွင်းမှု ဖြစ်နိုင်ခြေရှိတယ်လို့ လေ့လာမှုကြီးတစ်ခုမှာ တွေ့ရှိထားပါတယ်။

 

▪️ အမွှာမွေးလာပါက ဖြစ်နိုင်ခြေ ပိုပြီးများနေပြီး သုတေသနရလဒ်များကနေ ဆရာဝန်များ အဖြေရှာနိုင်ဖို့ အကူအညီဖြစ်မယ်လို့ မျှော်လင့်နေကြပါတယ်။

 

▪️ မွေးရာပါနှလုံးချို့ယွင်းမှုက ကလေးတွေ အလွန်ငယ်သေးတဲ့အခါ အထူးခွဲစိတ်မှုပြုလုပ်ရန် အန္တရာယ်အလွန်များတာကြောင့် ဘယ်လိုကလေးတွေက အန္တရာယ်အများဆုံးလဲဆိုတာ သိရှိခြင်းဖြင့် နှလုံးချို့ယွင်းမှုကို စောစီးစွာ သိရှိစေကာ မှန်ကန်တဲ့ ကုသစောင့်ရှောက်မှု ပေးနိုင်မှာဖြစ်ကြောင်း ဆွီဒင် ဂေါ့သန်ဘာ့ဂ်တက္ကသိုလ်မှ ပရော်ဖက်ဆာ အူလာဘရစ်ဝမ်နာဟုမ်းလ်က ပြောပါတယ်။

 

▪️ လူပေါင်း ၇.၇ သန်းကျော်ပါဝင်တဲ့ လေ့လာချက်အရ ဖန်ပြွန်သန္ဓေလိုမျိုး နည်းပညာအကူအညီများဟာ ကလေးတွေမှာ မွေးရာပါနှလုံးပြဿနာ ဖြစ်နိုင်ခြေ သိသိသာသာ များစေပါတယ်။

 

▪️ နှစ်ပေါင်း ၂၀ မှ ၃၁ နှစ်အတွင်း ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေး၊ ဆွီဒင်တို့မှာ မွေးဖွားတဲ့ ကလေးတွေရဲ့ ဆေးမှတ်တမ်းတွေကို ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။

 

▪️ ဖန်ပြွန်သန္ဓေသားနဲ့ အခြားမျိုးပွားအကူအညီနည်းလမ်းများ အသုံးပြုပြီး မွေးလာတဲ့ကလေးတွေနဲ့ သာမန်အတိုင်း မွေးဖွားတဲ့ကလေးတွေရဲ့ အချက်အလက်များကို နှိုင်းယှဉ်ခဲ့ကြပါတယ်။

 

▪️ မိခင်တွေ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း၊ ဆီးချို၊ နှလုံးပြဿနာတို့ ရှိမရှိ အခြေအနေတွေကိုပါ ထည့်သွင်းဆန်းစစ်ခဲ့ကြပါတယ်။

 

▪️ ထိုအခါမှာ မျိုးပွားအကူအညီနည်းပညာများ အသုံးပြုပြီး မွေးလာတဲ့ ကလေးတွေမှာ နှလုံးချို့ယွင်းမှုက ၃၆ ရာခိုင်နှုန်းပိုများနေတာ တွေ့ရှိခဲ့ကြပါတယ်။

 

▪️ နှစ်မွှာပူး သုံးမွှာပူးကလေးတွေမှာ နှလုံးချို့ယွင်းမှုက အခြားသူတွေထက် ပြဿနာပိုများနေပါတယ်။

 

▪️ ဒါကြောင့် မိဘတွေမှာ မျိုးမပွားနိုင်ခြင်းနဲ့ ကလေးတွေမှာ မွေးရာပါနှလုံးရောဂါဖြစ်ခြင်းတို့က ပတ်သက်နေတယ်လို့ ကျွမ်းကျင်သူများ ထင်မြင်နေကြပါတယ်။

 

#Source: WION