#World_Health
Published 02 October 2024

▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း လူငယ်တွေကြား အူမကြီးကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်လာပေမယ့် လူကြီးတွေမှာတော့ အဖြစ်နည်းလာပါတယ်။

 

▪️ ၁၉၉၅ ခုနှစ်တုန်းက လူငယ်တွေမှာ အူမကြီးကင်ဆာ ဖြစ်ပွားမှုနှုန်း ၁၁ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၁၉ မှာ ၂၀ ရာခိုင်နှုန်း ရှိလာပါတယ်။

 

▪️ ယခုနောက်ပိုင်းမှာ ရောဂါဆိုးရွားလာတဲ့ အဆင့်ရောက်မှ သိရှိကြပြီး ကုသရ ခက်ခဲလာကာ ယခုနှစ်အတွင်း အမေရိကန်မှာ အူမကြီးကင်ဆာကြောင့် သေဆုံးသူ ၅၃၀၀၀ ခန့် ရှိနိုင်တယ်လို့ ဆရာဝန်များ ခန့်မှန်းထားပါတယ်။

 

▪️ ဒါကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာ ၆ မျိုးကို လူငယ်တွေသတိထားနိုင်အောင် ဖော်ပြလိုက်ပါတယ်။

 

(၁) စအိုသွေးထွက်ခြင်း
▪️ ဒါက လူငယ်တွေမှာ အူမကြီးကင်ဆာ အဖြစ်နိုင်ဆုံး လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သုတေသနမှာ တွေ့ရှိထားပြီး ကင်ဆာတွေ့ထားတဲ့ လူနာတဝက်လောက်မှာ ဒီလက္ခဏာတွေ့ရပါတယ်။

 

▪️ အစာဟောင်းလမ်းကြောင်း နောက်ဆုံးအပိုင်းမှာ အကျိတ်ဖြစ်ပြီး သွေးထွက်နိုင်သလို အစာခြေလမ်းကြောင်းကနေလည်း သွေးထွက်နိုင်ပါတယ်။

 

(၂) အလေးသွားခြင်းပုံစံ ပြောင်းလဲခြင်း
▪️ အလေးသွားပြီးနောက် မကုန်သလို ခံစားရခြင်း၊ အညစ်အကြေးပုံစံ အရင်နဲ့ကွဲပြားခြင်း စတဲ့ အပြောင်းအလဲတွေကို သတိထားသင့်ပါတယ်။

 

▪️ အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာဆိုင်ရာ ဒေါက်တာ မိုက်ကယ်ဆက်ချီနီက အူမကြီးကင်ဆာလူနာ အများစုစွန့်ပစ်တဲ့ အလေးဟာ ပါးလွှာကြတယ်လို့ ဆိုပါတယ်။

 

(၃) ဝမ်းဗိုက်အောင့်ခြင်း
▪️ အစာစားချိန်မှာ အမြဲဗိုက်အောင့်တတ်ခြင်းက အူမကြီးကင်ဆာ လက္ခဏာဖြစ်နိုင်ပါတယ်။

 

▪️ ဒါပေမဲ့ အခြားပြဿနာတွေကြောင့်လည်း အောင့်တတ်တာကြောင့် အရင်အောင့်တာမျိုးနဲ့ မတူဘူးဆိုရင်တော့ ဆရာဝန်ထံ ပြသသင့်ပါတယ်။

 

(၄) အကြောင်းမရှိ ကိုယ်အလေးချိန်ကျသွားခြင်း
▪️ အူမကြီးအကျိတ်တွေကြောင့် ထွက်တဲ့ဟော်မုန်းတွေက အစားစားချင်စိတ်ကို လျှော့ချတာကြောင့် အစားသိပ်မစားနိုင်ဘဲ ကိုယ်အလေးချိန် ကျသွားတတ်ပါတယ်။

 

▪️ အခြားရောဂါများကြောင့်လည်း ကိုယ်အလေးချိန် ကျတတ်တာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

 

(၅) သွေးအားနည်းခြင်း
▪️ အူမကြီးအကျိတ်တွေကနေ သွေးတွေထွက်တဲ့အခါ ကြာလာရင် သွေးအားနည်းလာနိုင်ပါတယ်။

 

▪️ စွမ်းအင်ထုတ်လုပ်ခြင်းနဲ့ ကိုယ်ခံအားစနစ်တို့ကို ထောက်ပံ့ဖို့လိုအပ်တဲ့ သွေးနီဥဆဲလ်တွေ ရရှိဖို့ သံဓာတ်အရေးကြီးပြီး အကြောင်းအမျိုးမျိုးကြောင့် သံဓာတ်လျော့နည်းတတ်ပါတယ်။

 

(၆) အလွန်ပင်ပန်းနွမ်းနယ်ခြင်း
▪️ ကင်ဆာမတွေ့ခင် လပိုင်းအလိုမှာ လူငယ်ပိုင်း ၈ ရာခိုင်နှုန်းလောက်ဟာ အားအင်ကုန်ခမ်းတတ်ကြပြီး ဒါဟာ အကျိတ်ကထုတ်လုပ်တဲ့ ဟော်မုန်းတွေကြောင့် အစားမစားရာကနေ အားအင်ကုန်ခမ်းတာ ဖြစ်နိုင်ပါတယ်။

 

▪️ ဒါ့အပြင် သွေးထွက်လွန်ခြင်းလိုမျိုး အခြားရောဂါတွေနဲ့ မှားယွင်းနိုင်တာကြောင့် အူမကြီးကို ဓာတ်မှန်ရိုက် စစ်ဆေးသင့်ပါတယ်။

 

▪️ ရောဂါအစောပိုင်းအဆင့်တွေမှာ ကင်ဆာတွေ့ရှိဖို့က ကုသဖို့အတွက် အရေးကြီးပါတယ်။

 

#Source: New York Post