#WorldHealth
Published - 17 November 2021
ဖိုင်ဇာ-ဘိုင်အိုအန်တက်ခ်ကာကွယ်ဆေး ထိုးထားသူတွေဟာ မိုဒါနာ booster အားမြှင့်ကာကွယ်ဆေး ထိုးနှံပါက ကိုဗစ်ရောဂါကူးစက်နှုန်းကို အနည်းငယ်ပိုပြီး လျော့ကျစေနိုင်ကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီး Ong Ye Kung က နိုဝင်ဘာ ၁၅ ရက်နေ့က ပြောသွားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနမှ ဖော်ပြထားတဲ့အချက်အလက်တွေအရ ဒီဆေး ၂ မျိုးကို တွဲဖက်ထိုးနှံခြင်းက ကိုဗစ်ရောဂါကူးစက်မှုကို ၇၂ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း မစ္စတာ Ong က ဆိုပါတယ်။
အခြားတွဲဖက်ထိုးနှံမှုတွေကို နှိင်းယှဉ်ကြည့်ရာ ဖိုင်ဇာ-ဘိုင်အိုအန်တက်ခ်ကာကွယ်ဆေးထိုးနှံပြီး ဖိုင်ဇာ-ဘိုင်အိုအန်တက်ခ်ကိုပဲ booster အားမြှင့်ကာကွယ်ဆေးအဖြစ် ထိုးနှံပါက ရောဂါကူးစက်မှုကို ၆၂ ရာခိုင်နှုန်းလျှော့ချနိုင်တာကို တွေ့ရပါတယ်။
မစ္စတာ Ong နဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒါရိုက်တာ Kenneth Mak တို့က ဖိုင်ဇာ-ဘိုင်အိုအန်တက်ခ်အရင်ထိုးနှံပြီး booster အားမြှင့်ကာကွယ်ဆေးအဖြစ် မိုဒါနာကို ထိုးနှံထားကြပါတယ်။
မိုဒါနာကာကွယ်ဆေးအရင်ထိုးပြီး booster အားမြှင့်ကာကွယ်ဆေးအဖြစ် မိုဒါနာကိုပဲထိုးနှံပါက အကျိုးသက်ရောက်မှုက သိပ်ပြီးမထူးခြားနားဘူးလို့ မစ္စတာ Ong က ကိုဗစ်တိုက်ဖျက်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
mRNA ကာကွယ်ဆေးအမျိုးအစား ထိုးနှံထားပါက booster အားမြှင့်ကာကွယ်ဆေးအဖြစ် ဘယ် mRNA ကာကွယ်ဆေးကို သုံးသင့်သလဲဆိုပြီး မေးမြန်းထားသူတွေရှိပါတယ်။
ဖိုင်ဇာ-ဘိုင်အိုအန်တက်ခ်နဲ့ မိုဒါနာထဲက ဘယ်ကာကွယ်ဆေးကိုပဲ အရင်ထိုးထိုး booster အားမြှင့်ကာကွယ်ဆေးအဖြစ် ဒီ mRNA ကာကွယ်ဆေး ၂ မျိုးကို အပြန်အလှန်ထိုးနှံသင့်ကြောင်း ကိုဗစ်ကာကွယ်ဆေးကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားတယ်လို့ မစ္စတာ Ong က ဆိုပါတယ်။
"ဒါကြောင့် mRNA ကာကွယ်ဆေး ၂ မျိုးစလုံးက booster အားမြှင့်ကာကွယ်ဆေးအဖြစ်လည်း အသုံးပြုလို့ရပါတယ်။ ဖိုင်ဇာ-ဘိုင်အိုအန်တက်ခ်အရင်ထိုးပြီး မိုဒါနာ booster အားမြှင့်ကာကွယ်ဆေးထိုးရင်တော့ အကျိုးသက်ရောက်မှု အနည်းငယ်ပိုများပါတယ်။ ကာကွယ်ဆေး ၂ မျိုးကို ဘယ်လိုပဲတွဲဖက်ထိုးနှံသည်ဖြစ်စေ ရောဂါပြင်းထန်မှုကို အတော်လေးလျှော့ချနိုင်ပါတယ်။
booster အားမြှင့်ကာကွယ်ဆေးထိုးနှံပါက ရောဂါကူးစက်မှုနှုန်းနဲ့ ရောဂါပြင်းထန်နိုင်မှုကို အတော်များများလျှော့ချနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ပိုပြီးသိသာပါတယ်"လို့ မစ္စတာ Ong က ထည့်သွင်းပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့စနေနေ့အထိ စင်္ကာပူရှိလူဦးရေ ၈၅ ရာခိုင်နှုန်းက ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးပြီဖြစ်ပြီး ၂၀ ရာခိုင်နှုန်းက booster အားမြှင့်ကာကွယ်ဆေးပါ ထိုးနှံပြီးပြီဖြစ်ပါတယ်။
Source: CNA