အကျဉ်းချုပ်

    ▪️ဘက်လိုက်မှု စွပ်စွဲချက်များကြောင့် BBC ၏ ထိပ်တန်း အကြီးအကဲနှစ်ဦး တနင်္ဂနွေနေ့တွင် နုတ်  ထွက်

   ▪️BBC မှတ်တမ်းရုပ်သံက ထရမ့်၏ မိန့်ခွန်းနှင့် ပတ်သက်၍ ကြည့်ရှုသူများကို အထင်အမြင် လွဲမှားစေ ခဲ့

    ▪️ထရမ့်က တရားဥပဒေအရ အရေးယူမည်ဟု ခြိမ်းခြောက်

    ▪️အစိုးရက ရန်ပုံငွေ ပုံစံကို ပြန်လည်သုံးသပ်နေချိန်တွင် အကျပ်အတည်း ပေါ်ပေါက်

    ▪️ဥက္ကဋ္ဌက BBC ကို ကာကွယ်ပြောဆို၊ ဘက်မလိုက်မှုသည် ယင်း၏ DNA တွင် ရှိသည်ဟု ဆို

လန်ဒန်၊ နိုဝင်ဘာ ၁၀ (ရိုက်တာ) - သမ္မတ ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းကို တည်းဖြတ်မှုကြောင့် BBC ၏ ထိပ်တန်းအဆင့် နုတ်ထွက်မှုများက ဗြိတိန်အသံလွှင့်ဌာနကြီး လုပ်ငန်းဘယ်လိုလည်ပတ်မည်လဲ ဆိုသည့်ကိစ္စ နှင့် ယင်း၏ သတင်းပညာအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကို ဆက်လက် ရရှိထားနိုင်ခြင်း ရှိ၊ မရှိ အပေါ် တင်းမာမှုများကျယ်ပြန့်စွာ ပွင့်ထွက်သွားစေခဲ့ရသည်။

ထရမ့်၊ အစ္စရေး-ဟားမတ်စ် စစ်ပွဲ နှင့် လိင်ပြောင်းလဲသူများ၏ ကိစ္စရပ်များအား သတင်းဖော်ပြမှုတွင် BBC သည် ပျက်ကွက်မှုများဖြစ်ခဲ့ကြောင်း ကိုးကားဖော်ပြထားသည့် အကြံပေးဟောင်းတစ်ဦး၏ ဌာနတွင်း အစီရင်ခံစာတစ်ခု Daily Telegraph သို့ ပေါက်ကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ် တင်မ် ဒေဗီ နှင့် သတင်းဌာန အကြီးအကဲ ဒေဘိုရာ တားနက်စ် တို့ တနင်္ဂနွေနေ့တွင် နုတ်ထွက်ခဲ့ကြရသည်။

သို့သော် အဆိုပါ နုတ်ထွက်မှုများက အရှုပ်တော်ပုံကို ထိန်းချုပ်နိုင်မည့်အစား၊ ယင်း၏ ရန်ပုံငွေကို ဆုံးဖြတ်ပေးသည့် ပဋိညာဉ်စာတမ်းကို ပြန်လည်သုံးသပ်မှုနှင့် ရင်ဆိုင်နေရချိန်တွင် အများပိုင် အသံလွှင့်  ဌာနကြီးသည် ခေါင်းဆောင်မရှိဘဲ ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး အကျပ်အတည်းထဲသို့ သက်ဆင်း     သွားစေခဲ့ရသည်။

ကြည့်ရှုသူများသည် သတင်းနှင့် ဖျော်ဖြေရေးအတွက် Netflix၊ YouTube နှင့် ဆိုရှယ်မီဒီယာများ  ကဲ့သို့သော အရာများဆီသို့ ပြောင်းလဲလာချိန်တွင် ရုပ်မြင်သံကြား ပိုင်ဆိုင်သည့် အိမ်ထောင်စုတိုင်းက ပေးဆောင်ရပြီး BBC ရန်ပုံငွေ၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည့် - လက်ရှိ လိုင်စင်  ကြေးမှာ ခေတ်မမီတော့ကြောင်း BBC ကို ထောက်ခံသူများကပင် ဝန်ခံကြသည်။

BBC သည် ပြည်သူ့ယုံကြည်မှုအပေါ် မှီခိုနေရ

“BBC မှာ ရှိတဲ့ အရေးကြီးဆုံး တန်ဖိုးကတော့ ယုံကြည်မှုပါပဲ၊ ပြီးတော့ သူ့ရဲ့ ဂုဏ်သတင်းက သူ့ရဲ့ သတင်းတင်ဆက်မှုဟာ ဘက်မလိုက်ဘူး၊ ဓမ္မဓိဋ္ဌာန်ကျတယ်၊ သတင်းရင်းမြစ် မှန်ကန်ပြီး စစ်ဆေးပြီး ဖြစ်တယ် ဆိုတဲ့ အချက်အပေါ်မှာ အခြေခံပါတယ်" ဟု ကွန်ဆာဗေးတစ် လွှတ်တော်အမတ်နှင့် မီဒီယာ  ဆိုင်ရာ အစိုးရ ဝန်ကြီးဟောင်း ဂျွန် ဝှစ်တင်းဒေးလ်က ရိုက်တာသို့ ပြောကြားခဲ့သည်။

"ပြီးတော့ ကြည့်ရှုသူတွေနဲ့ နားထောင်သူတွေက အဲဒီအပေါ်မှာ ယုံကြည်မှု မရှိတော့ဘူးဆိုရင် အဲဒါက BBC အတွက် အလွန်ကြီးမားတဲ့ ထိခိုက်မှုပါပဲ"ဟုသူကပြောသည်။

Enders Analysis ကို တည်ထောင်သူ ကလဲ အန်းဒါးစ် က "ပဋိညာဉ်စာတမ်းကို ရှင်သန်ကျော်လွှားနိုင်ဖို့ BBC အပေါ် ရှိရမယ့် ယုံကြည်မှုကို ပြန်လည်ရယူဖို့" ခေါင်းဆောင်သစ် တစ်ဦးကို အမြန်ဆုံး ခန့်အပ်သင့်ကြောင်း ပြောကြားခဲ့သည်။

၁၉၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော BBC သည် ကမ္ဘာ့အသက်အကြီးဆုံး မီဒီယာ အဖွဲ့ အစည်း များထဲမှ တစ်ခုဖြစ်ပြီး ယင်း၏ သတင်းပညာအတွက် ကမ္ဘာတစ်ဝှမ်း၏ လေးစားမှုခံရသည်။ အဆိုပါ အဖွဲ့ သည် လက်ရှိတွင် ဘာသာစကား ၄၂ မျိုးဖြင့် ထုတ်လွှင့်လျက်ရှိသည်။

ရုပ်မြင်သံကြားနှင့် ရေဒီယို ထုတ်လွှင့်ခြင်းအပြင်၊ ရိုက်တာ၏ သတင်းသုံးစွဲသူတစ်ဦး ဖြစ်သော BBC သည် ကမ္ဘာပေါ်တွင် အကြီးဆုံး အင်္ဂလိပ်ဘာသာ သတင်းဝက်ဘ်ဆိုက်ကို လည်ပတ်လျက်ရှိကြောင်း စက်မှု လုပ်ငန်းမဂ္ဂဇင်း Press Gazette အရ သိရသည်။

ပေါက်ကြားလာသောမှတ်စုတိုကBBCတွင်အဖွဲ့အစည်းဆိုင်ရာဘက်လိုက်မှုရှိနေသည်ကိုညွှန်ပြ

ယမန်နှစ်အစောပိုင်းတွင် စံချိန်စံညွှန်း အကြံပေးဟောင်း မိုက်ကယ် ပရက်စကော့ ရေးသားခဲ့သော မှတ်စု တိုမှ ကောက်နှုတ်ချက်များကို The Telegraph က ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ မှတ်စုတိုတွင် ဝန်ထမ်းများကြား အဖွဲ့အစည်းအတွင်း လက်ဝဲယိမ်း ဘက်လိုက်မှုများကို ဖော်ပြသည့် အယ်ဒီတာဆိုင်ရာ ပျက်ကွက်မှုများဟု သူကပြောသော စာရင်းတစ်ခုကို ပြုစုထားသည်။

အပြင်းထန်ဆုံးမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အမေရိကန် သမ္မတရွေးကောက်ပွဲ မတိုင်မီလေးတွင် ထုတ်လွှင့် ခဲ့သော Panorama မှတ်တမ်းရုပ်သံသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် Capitol Hill အဓိကရုဏ်းကို အားပေးအားမြှောက်ပြုနေပုံ ပေါ်စေရန် ထရမ့်၏ မိန့်ခွန်း နှစ်ပိုင်းကို ပေါင်းစပ် တည်းဖြတ်ခဲ့သည် ဟူ သော ဖော်ထုတ်ချက်ဖြစ်သည်။ အဆိုပါ မှတ်တမ်းရုပ်ရှင်ကို လွတ်လပ်သော ထုတ်လုပ်ရေး ကုမ္ပဏီ  တစ်ခုက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ထရမ့်က BBC ကို တရားဥပဒေအရ အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်

တနင်္ဂနွေနေ့တွင် ပေးပို့သော စာတစ်စောင်အရ၊ သမ္မတ၏ ရှေ့နေများက နိုဝင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထား၍ ယင်း၏ မှတ်တမ်းရုပ်ရှင်ကို ပြန်လည်ရုပ်သိမ်းရမည် သို့မဟုတ် ဒေါ်လာ ၁ ဘီလီယံ ထက်မနည်းသော နစ်နာကြေး အတွက် တရားစွဲဆိုမှုနှင့် ရင်ဆိုင်ရမည်ဟု ပြောကြားခဲ့သည်။ တနင်္လာ နေ့တွင် တည်းဖြတ်မှုမှာ "ဆုံးဖြတ်ချက် အမှားအယွင်း" ဖြစ်ကြောင်း ဝန်ခံခဲ့သည့် BBC က ယင်းအပေါ် မည်သို့ တုံ့ပြန်ရမည်ကို စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

Sunday Times ၏ နိုင်ငံရေး သတင်းထောက်ဟောင်း ပရက်စကော့က ပျက်ကွက်မှုများ ပေါ်ပေါက်  လာသည့်အခါ BBC အကြီးအကဲများက အရေးယူမှု မရှိသည့်အပေါ် "စိတ်ပျက်မိသောကြောင့်" ယင်း၏ မှတ်စုတို memo ကို စုစည်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းမှတ်စုတို ထုတ်ပြန်ပြီးနောက်၊ ကော်ပိုရေးရှင်းသည် ပေါက်ကြားလာသော စာရွက်စာတမ်းများ  အပေါ် မှတ်ချက် မပေးလိုကြောင်းသာ ပြောကြားပြီး ရက်ပေါင်းများစွာ ဆွံ့အသွားခဲ့သည်။

ဘုတ်အဖွဲ့နှင့် ပဋိပက္ခ တစ်ခု ဖြစ်ပွားခဲ့ပြီး သတင်း အမှုဆောင်များက တောင်းပန်စာ ထုတ်ပြန်လိုသော် လည်း ဘုတ်အဖွဲ့က တားမြစ်ခဲ့သည်ဆိုသည့်အကြောင်းကို BBC ၏ မီဒီယာ သတင်းထောက် ကေတီ ရက်ဇယ်လ် နှင့် ယင်း၏ ထိပ်တန်း နိုင်ငံရေး တင်ဆက်သူများထဲမှ တစ်ဦးဖြစ်သော နစ်ခ် ရော်ဘင်ဆင် တို့ နှစ်ဦးစလုံးက ကြားသိခဲ့ရသည်ဟုဆိုသည်။

ယင်းတို့နှစ်ဦးက ကွန်ဆာဗေးတစ် ထရီဇာ မေ ဝန်ကြီးချုပ်ဖြစ်ခဲ့စဉ် သူမ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့    သည့် BBC ဘုတ်အဖွဲ့ဝင် ရော်ဘီ ဂစ်ဘ် သည် BBC ၏ သတင်းထုတ်ပြန်မှုအပေါ် ဝေဖန်သူ   တစ်ဦးဖြစ်ကြောင်း လက်ညှိုးထိုးခဲ့သည်။ ဂစ်ဘ်က ယင်းအပေါ်မှတ်ချက်ပေးရန် တောင်းဆိုမှုကိုချက်ချင်း တုံ့ပြန်ခြင်း မရှိခဲ့ပေ။

BBC ဥက္ကဋ္ဌ ဆမီရှာ က ဘုတ်အဖွဲ့သည် တောင်းပန်မှုကို မတားမြစ်ခဲ့သော်လည်း တုံ့ပြန်ရန် အချိန်ပေး   ဖို့အပ်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

ဘုတ်အဖွဲ့ဝင်များသည် မတူညီသော အမြင်များ ရှိကြပြီး ပြင်းထန်သော ငြင်းခုံမှုများ ပြုလုပ်ခဲ့ကြသော်   လည်း ဒေဗီ နှင့် တားနက်စ် တို့ နုတ်ထွက်မှုနှင့်အတူ အဖွဲ့အစည်းအတွင်း "အာဏာသိမ်းမှု" ဖြစ်ပွားခဲ့   သည်ဟု အချို့သော မီဒီယာ သုံးသပ်သူများ၏ ပြောကြားချက်မှာ "စိတ်ကူးယဉ်" သာ ဖြစ်ကြောင်းသူက ပြောကြားခဲ့သည်။

ရှာက ထရမ့်ရုပ်သံ တည်းဖြတ်မှုအတွက် တောင်းပန်ခဲ့သော်လည်း "BBC News ၏ DNA နှင့် ယဉ်ကျေးမှု" သည် ဘက်မလိုက်မှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗြိတိန်လူမျိုးများသည် အခြားသတင်းဌာနများ     ထက် BBC News ကို ပိုမို ယုံကြည်ကြောင်း စစ်တမ်းများက ဖော်ပြသည်ဟု သူက ဆိုသည်။

BBC ကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု ရှိခဲ့သည်ဟု ထောက်ခံသူများက ယုံကြည်

Guardian နှင့် Financial Times မှ သတင်းထောက်များ၊ နှင့် BBC ဝန်ထမ်းအချို့ အပါအဝင် အသံလွှင့် ဌာနကို ထောက်ခံသူများက ကော်ပိုရေးရှင်းကို တန်ဖိုးလျှော့ချရန် စနစ်တကျ စီစဉ်ထားသော လက်ယာ    ယိမ်းလှုပ်ရှားမှုတစ်ခု ရှိခဲ့သည်ဟုယုံကြည်ခဲ့ကြကြောင်း အများပြည်သူသို့အသိပေး ထုတ်ပြန်ချက်များ အရ သိရသည်။

"ဒါဟာ အများပြည်သူဝန်ဆောင်မှု အသံလွှင့်လုပ်ငန်းနဲ့ BBC ကို ဆန့်ကျင်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြိုင်ဘက်တွေက ဖန်တီးလိုက်တဲ့ အကျပ်အတည်း ဖြစ်ပါတယ်" ဟု စီးပွားရေး ပညာရှင်နှင့် BBC ၏ အုပ်ချုပ်ရေး အဖွဲ့ဟောင်း၏ ဒုတိယ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဒိုင်အန်း ကွိုင်းလ် က ရိုက်တာသို့ ပြောကြားခဲ့သည်။

မှတ်စုတိုထဲရှိ ဝေဖန်မှုများက နေ့စဉ် ပေါက်ကြားမှုနေခြင်းကြောင့်  ဖိအားများကို မြင့်တက်စေခဲ့ပြီး၊ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင် ကဲ့သို့ ထင်ရှားသော ပုဂ္ဂိုလ်များကြောင့်လည်း အငြင်းပွားမှုကို ပိုမို လောင်မြိုက်စေခဲ့သည်ဟု ထောက်ခံသူများက ဆိုသည်။

လက်ရှိ Prospect မဂ္ဂဇင်းကို ဦးစီးနေသည့် Guardian ၏ အယ်ဒီတာဟောင်း အလန် ရက်စ်ဘရစ်ဂျာ က BBC ဘုတ်အဖွဲ့ဝင် အများအပြားသည် ဘဏ္ဍာရေး သို့မဟုတ် စီးပွားရေး နောက်ခံမှ လာကြသူများ သို့မဟုတ် သတင်းပညာအလုပ်ကို အချိန်ကြာမြင့်စွာ အလုပ်မလုပ်ခဲ့သူများ ဖြစ်ကြောင်း ပြောကြားခဲ့   သည်။ ညွှန်ကြားရေးမှူးချုပ် အသစ်အပြင် ကော်ပိုရေးရှင်းသည် ပိုမိုခိုင်မာသော အုပ်ချုပ်မှု လိုအပ်    သည်ဟု သူက ဆိုသည်။

"ဘုတ်အဖွဲ့ကိုယ်တိုင်က အယ်ဒီတာဆိုင်ရာ ဆုံးဖြတ်ချက်ကောင်းတွချမှတ်ဖို့ အနေအထား သိပ်မကောင်း ပါဘူး" ဟု သူက ရိုက်တာသို့ ပြောကြားခဲ့သည်။

"ဝင်လာမယ့် ညွှန်ကြားရေးမှူးချုပ်တိုင်းက သူတို့နောက်မှာ ဘယ်သူရှိမလဲ၊ ကာကွယ်ပေးဖို့ လိုအပ်တဲ့  အခါမှာ သတင်းပညာကို ကာကွယ်ပေးနိုင်တဲ့သူတွေ၊ ဒါမှမဟုတ် ပြင်ဆင်ဖို့ ဒါမှမဟုတ် တောင်းပန်ဖို့ လိုအပ်တဲ့အခါ ရှုပ်ထွေးတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့သူတွေ ရှိ၊ မရှိ သိချင်ကြမှာပါပဲ"ဟုသူကပြောသည်။

လိုင်စင်ကြေး ပုံစံ

အစိုးရက BBC ၏ လိုင်စင်ကြေး ပုံစံသည် ရေရှည် တည်တံ့မှု ရှိ၊ မရှိ နှင့် ပဋိညာဉ် သက်တမ်း    တိုးခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် အခြား ရွေးချယ်စရာများကို ထည့်သွင်း စဉ်းစားသင့်၊ မသင့် ပြန်လည် သုံးသပ်ရန် ပြင်ဆင်နေချိန်တွင် ဤအရှုပ်တော်ပုံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လက်ရှိ ၁၀ နှစ် သက်တမ်းရှိ ပဋိညာဉ်သည် ၂၀၂၇ တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။

လေဘာပါတီ ဝန်ကြီးချုပ် ကဲ စတားမား ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အစိုးရသည် BBC ကို ထောက်ခံ  ပြီး ယင်းက အဖွဲ့အစည်းဆိုင်ရာ ဘက်လိုက်မှု ရှိသည်ကို ငြင်းဆိုခဲ့သည်။

BBC သည် ယင်း၏ ရန်ပုံငွေ ပုံစံနှင့် လစ်ဘရယ်ဆန်သော ရပ်တည်ချက်ဟု ယူဆရသည့်အပေါ် ကန့်ကွက်   သော ပြည်တွင်း သတင်းစာအများအပြားနှင့် ဆိုရှယ်မီဒီယာပေါ်မှ ဝေဖန်သူများ၏ ပြင်းထန်သော စိစစ်မှု ကို အချိန်ကြာမြင့်စွာ ရင်ဆိုင်ခဲ့ရသည်။.

အဖွဲ့အစည်း၏ ဝင်ငွေသည် ၂၀၂၄/၂၅ တွင် လိုင်စင်ကြေးနှင့် စီးပွားရေးဝင်ငွေတို့ကြောင့် ၉% တိုးတက်ပြီး ပေါင် ၅.၉ ဘီလီယံ (ဒေါ်လာ ၇.၉ ဘီလီယံ) သို့ ရောက်ရှိခဲ့သော်လည်း လိုင်စင်ပယ်ဖျက်သူ အရေ အတွက်များမှာလည်း မကြာသေးမီနှစ်များအတွင်း တိုးပွားလာခဲ့သည်။

ယမန်နှစ် တစ်နှစ်တည်းတွင် လိုင်စင် ၃၀၀,၀၀၀ ဆုံးရှုံးမှုကြောင့် BBC သည် ဝင်ငွေ ပေါင် သန်း ၅၀ ခန့် လျောနည်းခဲ့သည်။

ဒေါ်လာ ၁ = ၀.၇၄၅၁ ပေါင်

မူရင်းအရင်းအမြစ်- ရိုက်တာသတင်းသုံးသပ်ချက်