#World_Innovation
Published 31 October 2022

 

လမ်းလျှောက်တဲ့အမြန်နှုန်းကို ၂၅၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်စေပြီး ဘီးသေးလေး ၈ ဘီးပါတဲ့ ကမ္ဘာ့အမြန်ဆုံးဖိနပ်ကို စက်ရုပ်တီထွင်ထုတ်လုပ်တဲ့ အင်ဂျင်နီယာများက ထုတ်ဖော်ပြသလိုက်ပါတယ်။

 

မွန်းဝေါ်လ်ကာစ်(Moonwalkers)လို့ အမည်ပေးထားတဲ့ ကိရိယာကို ဖိနပ်မှာပတ်ပြီးစီးရတာဖြစ်ကာ ဘီး ၈ ဘီးကို စွမ်းအားထုတ်ပေးနေတဲ့ လျှပ်စစ်မော်တော်ငယ်များက စီးထားသူကို ရှေ့သို့တွန်းပို့ပေးတာဖြစ်ပြီး စကိတ်ဖိနပ်နဲ့ ဆင်တူနေပါတယ်။

 

Shift Robotics မှ အင်ဂျင်နီယာအဖွဲ့က ထိုဖိနပ်ကိုထုတ်လုပ်ခဲ့တာဖြစ်ပြီး အဖွဲ့တည်ထောင်သူက အလုပ်ကိုလမ်းလျှောက်သွားတဲ့အခါ သွားရတဲ့အကွာအဝေးကို တဝက်လောက်လျှော့ချနိုင်ရန် တွန်းအားပေးတဲ့ဖိနပ်များထုတ်လုပ်ဖို့ စိတ်ကူးရခဲ့တာဖြစ်ပါတယ်။

 

ဖိနပ်ရဲ့အမြန်နှုန်းက ပျမ်းမျှအားဖြင့် တစ်နာရီကို ၃ မိုင်နှုန်းမှ ၇ မိုင်နှုန်းအထိ ရှိပါတယ်။

 

စိတ်ပါဝင်စားတဲ့သူတွေအတွက်တော့ ဖိနပ်ရဲ့တန်ဖိုးက ၁,၃၉၉ ဒေါ်လာလက်လီဈေး ရှိပါတယ်။

 

ဖိနပ်ရဲ့လျှို့ဝှက်ချက်ကတော့ အသုံးပြုသူရဲ့ခြေလှမ်းအတိုင်း လိုက်လျောညီထွေဖြစ်စေမယ့် အယ်လ်ဂိုရစ်သမ်ကို ဖိနပ်ကလေ့လာသိရှိအောင် တီထွင်ထားတာဖြစ်ပါတယ်။

 

တည်ထောင်သူ'စွန်ကျီကျန်'က အလုပ်ကို စကူတာဖြင့်သွားစဉ် ကားတိုက်မိတော့မလိုဖြစ်ပြီးတော့ အခုလိုအကြံရသွားတာဖြစ်ပါတယ်။

 

အဲဒီနောက် ဂျက်လေယာဉ်အင်ဂျင်တွန်းကန်အားစနစ်ကို အသုံးချကာ အင်ဂျင်နီယာအဖွဲ့ဖြင့် အချိန် ၄ နှစ်ကြာအောင် တီထွင်ခဲ့ပါတယ်။

 

ဖိနပ်ကို ဘက်ထရီဆဲလ်များဖြင့် အလုပ်လုပ်စေကာ အားအပြည့်ရဖို့ ၁ နာရီခွဲအားသွင်းရပြီး အကွာအဝေး ၆ မိုင်ခန့်သွားနိုင်ပါတယ်။

 

'မွန်းဝေါ်လ်ကာဖိနပ်တွေက စစချင်းမှာ လော့ချထားတဲ့စနစ်ဖြစ်ပြီးတော့ ဘီးတွေကိုလုံးဝရပ်တန့်ထားပါတယ်၊ စနစ်အသက်ဝင်ဖို့အတွက် ညာဖနောင့်ကိုလေထဲမ၊ ခြေမကိုတော့ မြေမှာပဲထိထားကာ ဘယ်ခြေထောက်ဘက်သို့ နာရီလက်တံပုံစံအတိုင်းဝိုက်ရပါတယ်' လို့ ရှင်းပြထားပါတယ်။

 

'ပြန်ပိတ်ဖို့အတွက် ညာဖနောင့်ကိုကြွကာ မြေကြီးသို့ပြန်ချရပါတယ်၊ ဒီတော့မှ လှေကားအတက်အဆင်း၊ ရထား၊ ဘတ်စ်ကားဆင်းတဲ့တက်တဲ့နေရာမှာ အမြန်နှုန်းကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်'

 

လမ်းလျှောက်နေရင်းနဲ့ အေအိုင်အယ်လ်ဂိုရစ်သမ်က လမ်းလျှောက်ပုံသဘာဝအတိုင်း လေ့လာသွားမှာဖြစ်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group